ဖားကန့်မှာ ဥရုချောင်းရေကြီးလို့ အိမ်ခြေထောင်ချီ ရေဝင်

  • 18 ဇွန် 2017
ဓာတ်ပုံ မူပိုင် Ye Htay Facebook
Image caption ယခင်က ဥရုကျောင်းရဲ့ ရေဝပ်ဧရိယာတွေမှာ ကျောက်မျက်တူးတဲ့ ကုမ္ပဏီက မြေစာပုံကြတဲ့အတွက် ချောင်းကျဉ်းသွားလို့ ရေလျှံတာ ဖြစ်

ဖားကန့်မြို့နယ်က ငှက်ပျောတော၊ မရှီဒေါင်၊ မြို့မနဲ့ အေးမြသာယာ ရပ်ကွက်အပြင် လုံခင်းဘက်မှာ မိုးရွာသွန်းမှုများပြီး ဥရုချောင်း ရေလျှံလာတဲ့အတွက် အိမ်ခြေ ထောင်ချီပြီး ရေဝင်တာတွေ ဖြစ်ခဲ့ပြီး တချို့ အိမ်တွေ ရေမြုပ်ခဲ့ပါတယ်။

ယခုအကြိမ် ရေကြီးတာဟာ ယခင် ၂၀၁၅ တုန်းက စံချိန်တင်တယ်လို့ သတ်မှတ်ထားတာထက် မိုးရေချိန် လေး ငါးလက်မလောက် ပိုနိုင်ပြီး သူ့ရဲ့ အိမ်ဆိုရင်လည်း ရင်ဆို့လောက်အထိ ရေဝင်ခဲ့တယ်လို့ မရှီဒေါင် ရပ်ကွက်က ဒေသခံ ဦးဖိုးတူးက ဘီဘီစီကို ပြောပါတယ်။

အခုလို ရေကြီးမှုရဲ့ သက်ရောက်မှုကို အခံရဆုံးလို့ ဒေသခံတချို့က ပြောဆိုခဲ့တဲ့ ငှက်ပျောတော ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကတော့ သူတို့ ရပ်ကွက်ထဲမှာ အိမ်ခြေ ၂၀ဝ ကျော် ထိခိုက်မှု ရှိခဲ့ပေမယ့် အခုလို နှစ်စဉ်ဖြစ်နေကျ ဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်ထားလို့ ပျက်စီး ဆုံးရှုံးမှု နည်းပါးတယ်လို့ သူက ပြောပါတယ်။

ရေဘေးသင့် ဒုက္ခသည် စာရင်းနဲ့ အပျက်အစီး စာရင်းကိုတော့ ကောက်ယူနေဆဲ ဖြစ်တယ်လို့ ဖားကန့် မြို့မ ရဲစခန်းက ပြောပါတယ်။

အခုလို ရေကြီးရတာဟာ ယခင်က ဥရုကျောင်းရဲ့ ရေဝပ်ဧရိယာတွေမှာ ကျောက်မျက်တူးတဲ့ ကုမ္ပဏီက မြေစာပုံကြတဲ့အတွက် ချောင်းကျဉ်းသွားလို့ ရေလျှံတာ ဖြစ်ပြီး နှစ်စဉ် ချောင်းပြန်ဆယ်တဲ့ ပမာဏနဲ့ မမျှတဲ့အတွက် အခုလို ဖြစ်ရတာလို့ ဖားကန့်မြို့နယ်ရဲ့ အမှတ် ၂ မဲဆန္ဒနယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက ဘီဘီစီကို ပြောပါတယ်။

ဒေသခံ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ အခုလို နှစ်စဉ် ရေကြီးတဲ့ ကိစ္စကို အစိုးရကို တင်ပြထားတဲ့အတွက် အစိုးရဘက်က ချောင်းကို ပြန်ဆည်တဲ့ လုပ်ငန်းတွေ လုပ်ပြီး အမျိုးသား သယံဇာတ ကော်မတီဘက်ကလည်း လာရောက် စစ်ဆေးတာတွေ လုပ်ခဲ့ပေမယ့် လုံလောက်မှု မရှိဘူးလို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။