၂၁ ရာစုပင်လုံအပြီး ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်း မဟာမိတ်တွေ ပထမဆုံး တွေ့မယ်

  • 19 ဇွန် 2017
Image caption ဒေါ်အောင်ဆန်းစုကြည်နဲ့ မြောက်ပိုင်း အဖွဲ့တွေ မေလ ၂၆ ရက်နေ့က တွေ့ဆုံခဲ့

မြန်မာ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်က UWSA ဝတပ်ဖွဲ့ ဦးဆောင်တဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ အကြောင်းကြားတယ်လို့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF /TNLA ဒုတိယ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် တာဂျုတ်ဂျားက ပြောပါတယ်။

တရုတ် နိုင်ငံ ယူနန်ပြည်နယ် အစိုးရကတဆင့် UWSA တပ်ဖွဲ့ကို အကြောင်းကြား ခဲ့တာဖြစ်တယ်လို့ သူက ဆိုပါတယ်။

တွေ့ဆုံမှုက တရုတ်နိုင်ငံ ဘက်ခြမ်းက နယ်စပ်မြို့ တစ်မြို့မှာ တွေ့မှာဖြစ်ပြီး ဘယ်နေ့ ဘယ်ရက် တွေ့ကြမယ်ဆိုတာနဲ့ အစီအစဉ် အသေးစိတ် ကိုလည်း မသိရ သေးပေမယ့် တွေ့ဖြစ်ရင် ဇွန်လ ၂၀ ရက်နေ့ နောက်ပိုင်း ဖြစ်ဖို့ များတယ်လို့ ဗိုလ်မှူးချုပ် တာဂျုတ်ဂျားက ပြောပါတယ်။

အစိုးရ ဖက်က မြောက်ပိုင်း မဟာမိတ်အဖွဲ့ရဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ အဖွဲ့ဝင်တွေ အားလုံးနဲ့ တွေ့မယ်ဆိုမှသာ သူတို့ကတွေ့ဆုံမှာဖြစ်ပြီး တစ်ဖွဲ့ချင်း၊ နှစ်ဖွဲ့ချင်းစီနဲ့ တွေ့မယ်ဆိုရင်တော့ တွေ့ဖြစ်မှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

အခုတွေ့ဆုံမှုဟာ ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး ညီလာခံ အပြီးမှာ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ မြောက်ပိုင်း မဟာမိတ်တွေ နိုင်ငံရေးအရ ပထမဆုံး တွေ့ဆုံ ဆွေးနွေးမှု ဖြစ်တယ်လို့ TNLA ဒုတိယ ဥက္ကဋ္ဌက ပြောပါတယ်။

အခုလို တွေ့ဆုံ ဆွေးနွေးမှု ဖြစ်မြောက်ဖို့ တရုတ်အစိုးရရဲ့ ကြားဝင် ဆောင်ရွက်တာ ဖြစ်ပြီး တရုတ်နိုင်ငံက နှစ်နိုင်ငံ နယ်စပ် တလျှောက် တည်ငြိမ် အေးချမ်းမှု လိုလားတာ ဖြစ်ပါတယ်။

မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်က တရုတ်အစိုးရရဲ့ သြဇာ လွှမ်းမိုးမှု ကြောင့် တွေ့ဆုံဖို့ ဖြစ်လာ တာလားဆိုတာနဲ့ ပတ်သက်လို့တော့ အများက ဒီလို ထင်မြင် ယူဆနေကြ တာသာဖြစ်ပြီး တိုင်းရင်းသားတွေ အနေနဲ့က အပြန်အလှန် လေးစားမှု ရှိကြတာသာ ဖြစ်တယ်လို့ ဗိုလ်မှူးချုပ် တာဂျုတ်ဂျားက ပြောပါတယ်။