မယ်လ ဒုက္ခသည် စခန်းမှာ သေကြောင်းကြံစည်မှု စံချိန်တင် မြင့်တက်

  • 19 ဇွန် 2017
ဓာတ်ပုံ မူပိုင် JAMES CONNOR
Image caption မယ်လ ဒုက္ခသည် စခန်း က ထိုင်း နဲ့ မြန်မာ နယ်စပ်မှာ တည်ရှိပြီး ဒုက္ခသည် တစ်သိန်းနီးပါး အဲဒီမှာ နေထိုင်

ထိုင်းနိုင်ငံ က အကြီးဆုံး ဒုက္ခသည် စခန်း ဖြစ်တဲ့ မယ်လ စခန်းမှာ ကိုယ့်ကိုကိုယ် သတ်သေမှု၊ သေကြောင်းကြံစည်မှု တွေ အဖြစ်များ နေတဲ့အတွက် စိုးရိမ် ရတဲ့ အခြေအနေ ရှိပြီး ဝိုင်းဝန်း ကူညီ ကြဖို့ ရွှေ့ပြောင်းသွားလာသူများ ဆိုင်ရာ နိုင်ငံတကာ အဖွဲ့ကြီး က ဇွန်လ ၁၉ ရက်နေ့မှာ တိုက်တွန်း လိုက်ပါတယ်။

မယ်လ ဒုက္ခသည် စခန်း မှာ ပြီးခဲ့တဲ့ ၂ နှစ် အတွင်း မိမိ ကိုယ်ကို သတ်သေမှု ၂၈ မှု၊ သေကြောင်း ကြံစည်မှု ၆၆ မှု ဖြစ်ပွား ခဲ့တဲ့ အတွက် ကမ္ဘာလုံးဆိုင်ရာ သေကြောင်းကြံစည်မှု နှုန်း ထားနဲ့ နှိုင်းယှဉ်ရင် နှစ်ဆ ကျော် များပြားနေတယ်လို့ IOM အဖွဲ့ကြီး က ကမ္ဘာ့ ဒုက္ခသည်များ နေ့ အထိမ်းအမှတ် အဖြစ် ထုတ်ပြန်တဲ့ အစီရင် ခံစာ ထဲမှာ ဖော်ပြ ထား ပါတယ်။

မယ်လ စခန်းမှာ သေကြောင်း ကြံစည်မှုတွေ တိုးမြှင့် ဖြစ်ပွား နေရတာ က စိုးရိမ် စရာ ကောင်းတယ်လို့ ထိုင်းနိုင်ငံ မှာ အခြေစိုက်တဲ့ IOM စီမံကိန်း အရာရှိ ဟယ်ရီ စမတ် က ပြောပါတယ်။

ပညာသင်ကြားဖို့ အခွင့်အလမ်း နည်းပါးတာ၊ လွတ်လပ်စွာ သွားလာခွင့် မရှိတာ၊ အလုပ်အကိုင် အခွင့်အလမ်း လျော့နည်း တာ တွေက သေကြောင်း ကြံစည် မှု တိုးမြင့် ဖြစ်ပွားရခြင်း ရဲ့ အဓိက အခြေခံ အကြောင်း တွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။

မယ်လ ဒုက္ခသည် စခန်း က ထိုင်း နဲ့ မြန်မာ နယ်စပ်မှာ တည်ရှိပြီး ဒုက္ခသည် တစ်သိန်းနီးပါး အဲဒီမှာ နေထိုင် ကြပါတယ်။ အများစု က သူတို့ရဲ့ ဘဝ တစ်လျှာက် အချိန် အတော်များများကို စခန်းထဲမှာသာ ကုန်ဆုံးခဲ့ရတာပါ။

၂၀၁၄ ခုနှစ် ဇွန် လ ကနေ ၂၀၁၅ မေလ အထိ မယ်လ ဒုက္ခသည် စခန်းမှာ ကိုယ့်ကိုကိုယ် သတ်သေမှုက ၁၄ မှု ဖြစ်ပွား ခဲ့ပါတယ်။

အဲဒီ စခန်းမှာ နေထိုင် တဲ့ အသက် ၅၀အောက် အမျိုးသား တွေက ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်မှု လုပ်ဖို့ ပိုနီးစပ်တယ်လို့ IOM ရဲ့ အစီရင် ခံစာ ထဲမှာ ဖော်ပြပါတယ်။

ဒါ့ အပြင် ပြီးခဲ့တဲ့ နှစ်အတွင်း က အရွယ်မရောက် သေးတဲ့ ကလေး သူငယ် ဒုက္ခသည် တစ်ယောက် သူ့ကိုယ်သူ သတ်သေ သွားခဲ့ပြီး နောက်ထပ် သုံးယောက် ဟာလည်း သေကြောင်း ကြံစည် ခဲ့ကြ တယ်လို့ ဆိုပါတယ်။

သေကြောင်း ကြံစည်မှု ၁၀ မှု ထဲ က ၄ မှု မှာ ပိုးသတ် ဆေးသောက်ပြီး သေဆုံး ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီမှာ ဒုက္ခသည်တွေက စိုက်ပျိုးရေးမှာ အသုံးပြုတဲ့ ပိုးသတ် ဆေးကို သောက်ပြီး ကိုယ့်ကိုကိုယ် သတ်သေမှု တွေ လုပ်နေကြတာလို့ IOM က ထုတ်ပြန်ပါတယ်။

မိသားစုတွင်း ပြဿနာ ကလည်း သေကြောင်း ကြံစည်မှု အဖြစ်များ နေရတဲ့ အဓိက အကြောင်းရင်း ဖြစ်ပြီး အားပေးနှစ်သိမ့် ပညာပေးရေး လုပ်ငန်း တွေ လုပ်ဖို့ အတွက် လိုအပ်နေတယ်လို့ IOM က ပြောပါတယ်။

မယ်လ ဒုက္ခသည် စခန်း ကို စိတ်ရောဂါကု အထူးကု ဆရာဝန်တွေ နဲ့ နှစ်သိမ့်ဆွေးနွေး ပညာပေးရေး အထူး ကျွမ်းကျင်သူတွေ ဝင်ရောက်ခွင့် မရတာ ကလည်း အကြောင်းရင်း တစ်ရပ် ဖြစ်တယ်လို့ IOM ဘက် က ပြောပါတယ်။

နိုင်ငံတကာ က ထောက်ပံ့ကူညီမှု လျော့နည်းလာတာတွေ၊ ကမ္ဘာ့ နိုင်ငံကြီးတွေမှာ သွားရောက် အခြေချခွင့် နည်းပါး လာတာတွေ ကြောင့် ဒုက္ခသည် တွေဟာ အနာဂတ် ပျောက်ဆုံးသလို ခံစားနေရပြီး သေကြောင်း ကြံစည်မှု တွေလုပ်လာတာလို့ IOM က ထုတ်ပြန်ပါတယ်။

မယ်လ စခန်းမှာ နေထိုင်သူ အများစုက ကရင် တိုင်းရင်းသားတွေ ဖြစ်ပြီး စစ် အစိုးရ အုပ်ချုပ်စဉ် ကာလ တုန်း က ထွက်ပြေး လွတ်မြောက် လာသူ တွေ ဖြစ်ကြပါတယ်။

မြန်မာ နိုင်ငံမှာ အရပ်သား အစိုးရ တစ်ရပ် ပေါ်ထွန်း လာပြီ ဖြစ်ပေမယ့် ဒုက္ခသည် အများစုက အလုပ်အကိုင် မရမှာ၊ ပြီးတော့ ကလေး တွေရဲ့ ပညာရေး အခြေအနေတွေကို စိုးရိမ်ပြီး ပြည်တွင်းကို ပြန်လည် ဝင်ရောက်ဖို့ တွန့်ဆုတ် နေကြတယ်လို့ IOM အရာရှိ ဟယ်ရီ စမတ် က ပြောကြား ခဲ့ပါတယ်။