မြန်မာဘဏ်စာရင်းတွေ တရုတ်ပြန်ဖွင့်ပေးတော့မလား

  • 20 ဇွန် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ဘဏ်စာရင်းတွေ ပြန်ဖွင့်နိုင်အောင် မြန်မာ ကုန်သည်တွေ အတွက် အာဏာပိုင်တွေ ဘက်ကနေ အထူး ကြိုးစား ဆက်သွယ် ဆောက်ရွက်နေ

တရုတ် မြန်မာ မူဆယ် ၁၀၅ မိုင် နယ်စပ် မှာ မြန်မာ ကုန်သည်တွေ အဓိက အသုံးပြု နေတဲ့ တရုတ်ပြည်မှာ ဖွင့်ထားတဲ့ ဘဏ် စာရင်းတွေကို တရုတ် အာဏာပိုင် တွေက ဇွန်လ ၁၄ ရက်နေ့က ပိတ်လိုက် တဲ့ အတွက် ကုန်စည် ကူးသန်း ရောင်းဝယ် မှုနဲ့ ကုန်သည် တွေ ငွေပေးချေမှု အတွက် အခက် အခဲ တွေ အများကြီး ဖြစ်နေရ ပါတယ်။

အခု အချိန် မှာတော့ ဘဏ်စာရင်း အပိတ် ခံထား ရသူ တဦးချင်းကို တရုတ် ဘက်က ခေါ်ယူပြီး၊ စိစစ်မှုတွေ ဆောင်ရွက် နေတယ်လို့ မူဆယ်က ကုန်သည် တဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘဏ်စာရင်းတွေ ပြန်ဖွင့် နိုင်အောင် မြန်မာ ကုန်သည်တွေ အတွက် အာဏာပိုင်တွေ ဘက်ကနေ အထူး ကြိုးစား ဆက်သွယ် ဆောက်ရွက် ပေးနေ တယ်လို့ မြန်မာနိုင်ငံ စီးပွားရေးနဲ့ ကူးသန်း ရောင်း၀ယ်ရေး ဝန်ကြီး ဌာန ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်း က ဘီဘီစီကို ပြောပါတယ်။

ရန်ကုန်မှာ ရှိတဲ့ တရုတ် သံရုံးကို အကြောင်းကြား သလို၊ ရွှေလီ အာဏာပိုင်တွေနဲ့ လည်း ညှိနှိုင်းပြီး ဘဏ်စာရင်းတွေ ပြန်လည် ဖွင့်ပေး နိုင်ရေး အတွက် ဆွေးနွေးခဲ့ တယ်လို့ ဦးရန်နိုင်ထွန်းက ပြောပါတယ်။

တရုတ်ဘက် ကတော့ အွန်လိုင်း အလောင်းကစား ဂိုဏ်းတွေကို အရေးယူနိုင်ဖို့ အတွက် အခုလို အကောင့်တွေကို ပိတ်ပစ် ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ ကုန်သည်တွေရဲ့ ဘဏ်စာရင်းတွေဟာ လောင်းကစား မှုနဲ့ တိုက်ရိုက် ပတ်သက်တာ မဟုတ်ဘဲ၊ အဲဒီလို ပတ်သက် နေသူတွေနဲ့ ဆက်စပ်တဲ့ ပုံစံမျိုး ရှိနေတဲ့ အတွက် ပိတ်ထား လိုက်တာ ဖြစ်ပါတယ်။

လောလောဆယ်မှာ မြန်မာ ကုန်သည်တွေ အနေနဲ့ ဘဏ်စာရင်း အသစ်ဖွင့်ပြီး၊ ကုန်သွယ်မှုတွေ လွတ်လွတ် လပ်လပ် ဆက်လက် လုပ်ဆောင် နိုင်တယ်လို့ တရုတ်ဘက်က ပြောကြောင်း ဦးရန်နိုင်ထွန်းက ရှင်းပြ သွားပါတယ်။