သံတွဲနဲ့တောင်ကုတ်မှာ ရေကြီးနေ

  • 20 ဇွန် 2017
Image caption သံတွဲရမြို့တွင်းရေလွှမ်းနေပုံ

သံတွဲနဲ့ တောင်ကုတ်မြို့နယ်တို့မှာ မိုးရေချိန် လက်မ တစ်ဆယ်ကျော်နဲ့ အဆက်မပြတ် ရွာသွန်းနေတဲ့ အတွက် ချောင်းရေတွေ တိုးလာပြီး မြေနိမ့်ပိုင်း ရပ်ကွက်တွေကို ရေတိုးဝင်လာတာကြောင့် ရေဘေး သတိပေးမှုတွေကို ထုတ်ပြန်ထားရပါတယ်။

သံတွဲမှာ ရေဘေးသတိပေးမှု ထုတ်ပြန်ထားကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန်က ၂၄နာရီအတွင်း သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ရမယ့် အချက်တွေ၊ လိုက်နာဆောင်ရွက်ရမယ့် အချက်တွေကို အသိပေးတာလို့ ပြောပါတယ်။

လောလောဆယ်မှာတော့ ရေတိုးလာတာ တန့်နေပေမယ့် မိုးရွာရင် ဆက်လက်ရွာရင် စိုးရိမ်ရေမှတ်ကို ရောက်လာနိုင်လို့ သတိနဲ့ စောင့်ကြည့်နေရတဲ့ အနေအထားမှာ ရှိတယ်လို့ လဲ သိရပါတယ်။ လက်ရှိမှာတော့ ဇီးချောင်း ရေမြောင်းမှ ရေလျှံတဲ အတွက် အမှတ်၁ ၊အမှတ် ၂ ရပ်ကွက်တွေက သုတိလမ်း ဩဘာလမ်း၊ မာဃလမ်း၊ ရတနာလမ်း အပါအဝင် ၊ GTI ကျောင်းရှေ့နောက် တရားရုံးလမ်းအမှတ် ၄ ရပ်ကွက် သမုတ်ချောင်းအပိုင်းတွေမှာ ရေဝင်နေတယ်လို့ ပြောပါတယ်။

တောင်ကုတ်မြို့ အခြေအနေကလည်း သတိအနေအထားနဲ့ စောင့်ကြည့်နေရတဲ့ အနေအထားမှာ ရောက်ရှိနေပါတယ်။ တောင်ကုတ်မှာ တောင်ကျရေကြောင့် ရပ်ကွက်တွေရေဝင်နေတဲ့ အခြေအနေကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင့်လွင်က ဘီဘီစီကို ပြောပါတယ်။

မိုးသာ နောက်ထပ် ၇ နာရီခန့် ဆက်ရွာရင် ရေတက်လာနိုင်တာကြောင့် မြေနိမ့်ပိုင်းရပ်ကွက်နေ လူထုတွေ အနေနဲ့ စိုးရိမ်မှုတွေ တိုးပွားနေကြတယ်လို့လဲ သိရှိရပါတယ်။