ကျောက်ဖြူ စီးပွားရေးဇုန်က လယ်သမားတွေ လိုလားချက်

  • 21 ဇွန် 2017
ဓာတ်ပုံ မူပိုင် Photo- Narinjara
Image caption ကျောက်ဖြူမှာ စက်မှုဇုန် အတွက် သိမ်းဆည်းမယ့် လယ်ဧကပေါင်း ၂၅၀ ရှိ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ၂၀၁၈ နှစ်ဆန်းပိုင်းမှာ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုနဲ့ စတင် အကောင်အထည်ဖော် တည်ဆောက်မယ့် အထူး စီးပွားရေးဇုန် မြေနေရာတွေအတွက် လယ် ပိုင်ရှင် ၇၀ ကျော်က တစ်ဧက သိန်း ၉၀၀ တောင်းခံလိုက် ပါတယ်။

စက်မှုဇုန် အတွင်း ပါဝင်နေတဲ့ လယ်ပိုင်ရှင်တွေကို ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ဒေါက်တာစိုးဝင်းက ကျောက်ဖြူ ခရိုင်အစည်းအဝေး ရုံးခန်း ဇွန်လ ၁၉ ရက်နေ့က ခေါ်ယူ တွေ့ဆုံခဲ့ ပါတယ်။

အဲဒီ တွေ့ဆုံပွဲမှာ လယ်သမားတွေက သူတို့လိုလားချက် တွေကို တင်ပြ တောင်းဆို ခဲ့တယ်လို့ ဒေသတွင်းက လယ်သမား ဦးစောမောင်နုက ပြောပါတယ်။

စက်မှုဇုန် အတွက် သိမ်းဆည်းမယ့် လယ်ဧကပေါင်း ၂၅၀ ရှိတယ်လို့ သိရပါတယ်။

လယ်သမားတွေ ဆီက လယ်တွေ သိမ်းမယ်ဆိုရင် လယ်မြေ တစ်ဧကို ကျပ်သိန်း ၉၀၀၊ ဥယျာဉ်ခြံမြေ တစ်ဧကကို ကျပ် သိန်း ၇၀၀ နဲ့ နွားစားကျက် တစ်ဧကကို ကျပ်သိန်း ၅၀၀ စီ ပေးဖို့ တောင်းခံလိုက်တယ်လို့ ဦးစောမောင်နုက ပြောပါတယ်။

ဒီဈေးနှုန်း တွေဟာ လက်ရှိ ဒေသ ပေါက်ဈေးထက် အဆမတန် မြင့်နေတဲ့ အတွက် အထက် အာဏာပိုင်တွေကို ဆက်လက် တင်ပြ မယ်လို့ ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ပြောပါတယ်။

အစည်း အဝေးကို လယ်သမား ၇၀ ကျော် တက်ရောက်ခဲ့ပြီး အစိုးရဘက်က ရခိုင် ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေး ဝန်ကြီး ဦးကျော်အေးသိန်း၊ ဒုတိယ ဥက္ကဌ ၂ ဒေါက်တာ ဦးမောင်တို့ တက်ရောက်ခဲ့ကြပါတယ်။

လယ်သမားတွေ အနေနဲ့ လယ်မြေတွေ အသိမ်းခံရပြီး လျော်ကြေး ကောင်းကောင်း မရရင် လယ်မဲ့ယာမဲ့ဖြစ်ပြီး ဒုက္ခရောက်ကြမှာ စိုးရိမ် နေကြ ပါတယ်။