ပြည်ပကို အိမ်အကူ သွားလုပ်ဖို့ တရားဝင် ဖြစ်အောင်ဆောင်ရွက်မယ်

  • 21 ဇွန် 2017
Image caption စင်္ကာပူနိုင်ငံ အထပ်မြင့်တိုက်ခန်းများ

စင်္ကာပူနိုင်ငံမှာ အိမ်အကူအဖြစ် သွားရောက်လုပ်ကိုင်တဲ့ မဇင်မာဉီးတိုက်ပေါ်က ခုန်ချအဆုံး စီရင်ပြီးနောက် ပြည်ပမှာ ရောက်နေတဲ့ မြန်မာအိမ်အကူ အလုပ်သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့နောင် တရားဝင် စေလွှတ်နိုင်အောင် လုပ်ဆောင်မယ်လို့ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီး ဉီးသိန်းဆွေက မီဒီယာတွေကိုပြောပါတယ်။

အစိုးရက ၂၀၁၄ခုနှစ်နောက်ပိုင်း ပြည်ပကို အိမ်အကူအဖြစ် စေလွှတ်တာကို ယာယီရပ်ဆိုင်းထားပေမယ့် အလုပ်အကိုင် အေဂျင်စီတွေရဲ့အစီအစဉ်နဲ့ အိမ်အကူအဖြစ် တရားမဝင် သွားရောက် လုပ်ကိုင်နေသူပေါင်း စင်္ကာပူနိုင်ငံမှာ လေးသောင်းကျော်ရှိပါတယ်။

မဇင်မာဉီး သေဆုံးမှုအပါအဝင် မြန်မာအိမ်အကူ အလုပ်သမားတွေရဲ့ အမှုကိစ္စတွေမှာ မှန်ကန်တဲ့ တရားစီရင်မှုဖြစ်အောင် မြန်မာသံရုံးမှ စင်္ကာပူ အလုပ်သမား ဝန်ကြီးဌာနနဲ့ သွားရောက် ဆွေးနွေးခဲ့တယ်လို့ သံရုံးမှ ပထမအတွင်းဝန်က ဘီဘီစီကိုပြောပါတယ်။

ပြည်ပမှာ ရောက်လာတဲ့ အိမ်အကူလုပ်သားတွေဟာ ဘာသာစကား အခက်အခဲ အစားအသောက်မတူတာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကြောင့် ပြဿနာဖြစ်လာရင် အိမ်ရှင်ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးဖို့ တောင်းဆိုထားပြီး သံရုံးကိုလာရောက်အကူတောင်းသူတွေကိုလည်း အလုပ်ရှင်ပြောင်းရေး တိုင်းပြည်ပြန်ရေးကို အေးဂျင့်နဲ့ညှိပြီး ဖြေရှင်းပေးတယ်လို့ဆိုပါတယ်။ လစာမရတာ နှိပ်စက် ခံရတာမျိုးတွေကိုတော့ မှန်မှန်ကန်ကန် စစ်ဆေး အရေးယူနိုင်အောင် အလုပ်သမား ဌာနနဲ့ ညှိနှိုင်းဆောင်ရွက် ပေးကြောင်း မြန်သံရုံးကပြောပါတယ်။

တကယ်လို့ အိမ်အကူတွေကို တရားဝင်ဖြစ်အောင်လုပ်ဆောင်ဖို့ အလုပ်သမားဝန်ကြီးဌာနက အကြောင်းကြားလာရင်လည်း သက်ဆိုင်ရာ စင်္ကာပူအစိုးရထံမှာ အိမ်အကူ အလုပ်သမား စာရင်းတရားဝင် တောင်းယူမှာဖြစ်ကြောင်း အခက်အခဲရှိရင် အလုပ်သမား အေဂျင်စီတွေ အလုပ်သမားသမဂ္ဂတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ မြန်မာသံရုံးကပြောကြား သွားပါတယ်။