တရုတ်ကပိတ်ထားတဲ့ ဘဏ်စာရင်းတွေပြန်ဖွင့်ဖို့ မရေရာသေး

  • 22 ဇွန် 2017
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption တရုတ်မြန်မာ နယ်စပ် မူဆယ်ဂိတ်

ဘဏ်စာရင်း အပိတ်ခံထားရတဲ့ မြန်မာကုန်သည် တွေကို တရုတ် တာဝန်ရှိသူတွေနဲ့ နယ်စပ်က မြန်မာအစိုးရ တာဝန် ရှိသူတွေက ဇွန်လ ၂၂ ရက်နေ့က သီးခြားစီ ခေါ်ယူ တွေ့ဆုံခဲ့ပါတယ်။

အခုလို တွေ့ဆုံတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး မြန်မာဖက်က ၁၀၅ မိုင် ပဲပြောင်းနှမ်းနဲ့ လယ်ယာ ထွက်ကုန် ကုန်စည်ဒိုင် ဥက္ကဋ္ဌက ဦးဆောင်ပြီးသွားရောက် တွေ့ဆုံခဲ့ပါတယ်။

ဘဏ်စာရင်း အပိတ်ခံရတာနဲ့ ပတ်သက်လို့ ဆန္ဒမပြဖိုနဲ့ ဒီကိစ္စကို သူတို့ ဆောင်ရွက် နေတဲ့ အကြောင်း တရုတ် အာဏာပိုင်တွေက အဓိက ပြောခဲ့တယ်လို့ တွေ့ဆုံပွဲမှာပါဝင်တဲ့ ကုန်သည် တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

တစ်ရက်တည်းမှာပဲ မူဆယ် အခြေစိုက်မြို နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်မှူးတို့ ကလည်း ဘဏ် စာရင်း အပိတ်ခံရသူတွေကို ခေါ်ယူတွေ့ဆုံ ဆွေးနွေး ခဲ့ရာမှာ နယ်စပ်ကုန်သည်တွေ တရုတ် အစိုးရကို ဆန္ဒပြမယ့် ကိစ္စကို ခွင့်ပြုကြောင်းနဲ့ လုံခြုံရေး ဆောင်ရွက်ပေးမယ့် အကြောင်း ပြောတယ်လို့ ၁၀၅ မိုင် အခြေစိုက် ပဲပြောင်းနှမ်း နဲ့လယ်ယာ ထွက်ကုန် ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဒေါ်ဖြူဖြူက ပြန်ပြောပါတယ်။

သောကြာနေ့ ဇွန်လ ၂၃ ရက်မှာ ဘဏ်စာရင်း အပိတ်ခံရတဲ့ မူဆယ် အခြေစိုက် ကုန်သည် ၃၀၀ လောက်က အပိတ်ခံရတဲ့ ဘဏ်စာရင်းတွေ ပြန်ဖွင့်ပေးဖို့ မူဆယ် မြို့မဈေး ကနေ နန်းတော်ဂိတ် အထိ ချီတက် ဆန္ဒပြဖို့ ရှိပါတယ်။

တရုတ်နိုင်ငံ ဗဟိုအစိုးရက Online လောင်းကစားမှု တွေကို စုံစမ်း စစ်ဆေးမှု လုပ်ပြီး မသင်္ကာတဲ့ ငွေစာရင်းတွေကို ဇွန်လ ၁၅ ရက်နေ့က ပိတ်ခဲ့ရာမှာ မူဆယ်အခြေစိုက် ကုန်သည်တွေရဲ့ ငွေစာရင်း သုံးရာကျော် အပိတ်ခံခဲ့ရ ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တရုတ်အစိုးရ တာဝန်ရှိသူတွေ ညှိနှိုင်း ဆောင်ရွက် နေ ပေမယ့် အပိတ်ခံ ထားရတဲ့ ဘဏ်အကောင့်တွေ ပြန်ပွင့် လာဖို့ မသေချာ သေးဘူးလို့ ကုန်သည် တချို့က ပြောနေပါတယ်။