အလုပ်လုပ်ရတဲ့ ကလေးအများစု ကျောင်းမနေဖူး

  • 22 ဇွန် 2017
ဓာတ်ပုံ မူပိုင် DOP
Image caption ၂၀၁၄ သန်းခေါင်စာရင်းကောက်ခံချိန်က အလုပ်လုပ်နေတဲ့ ကလေး ၅ သိန်းကျော် ရှိ

မြန်မာနိုင်ငံမှာ ၂၀၁၄ သန်းခေါင်စာရင်းကောက်ခံချိန်က အသက် ၁၀နှစ်ကနေ ၁၄ နှစ် အရွယ် ကလေး ၅ သိန်းကျော် အလုပ်လုပ်နေပြီး အလုပ်အကိုင် ရှာဖွေနေတဲ့ ကလေးငယ် ၇၇၀၀ ရှိတယ်လို့ အဲဒီသန်းခေါင်စာရင်းအပေါ်အခြေခံပြီး အလုပ်သမား လူဝင်မှုနဲ့ ပြည်သူအင်အားဝန်ကြီးဌာနက လုပ်ခဲ့တဲ့ လုပ်သားအင်အားသုတေသနစစ်တမ်းမှာ ဖေါ်ပြထားပါတယ်။

ဒီလို အလုပ်လုပ်နေရတဲ့ ကလေးတွေရဲ့ ကျောင်းတက်နိုင်မှုကလည်း နိမ့်ကျနေပြီး အလုပ်လုပ်နေရတဲ့ ၁၀ နှစ်အရွယ် ကလေး ၈၂ ရာခိုင်နှုန်းနဲ့ ၁၄ နှစ်ရွယ် ၉၁ ရာခိုင်နှုန်းဟာ လုံးဝကျောင်းမနေဖူးသူတွေ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

ကလေးတွေနဲ့ပတ်သက်လို့ ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေဆိုတာရှိခဲ့ပေမယ့် အခုအခါမှာ ကလေးသူငယ်တွေရဲ့ ပညာသင်ကြားခွင့် အပါအဝင် အခွင့်အရေးတွေနဲ့ပတ်သက်လို့ ဒီဥပဒေကို ပြင်ဆင်ပြီး ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေကို ရေးဆွဲပြီးစီးနေပြီလို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အတွင်းဝန် ဦးစိုးအောင်က ပြောပါတယ်။

အခုဥပဒေသစ်မှာ ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်ရေးနဲ့ပတ်သက်တာတွေကို ထည့်သွင်းထားပြီး အလုပ်လုပ်နိုင်တဲ့ ကလေးအသက်၊ အချိန်ကန့်သတ်မှုတွေပါဝင်သလို အလုပ်လုပ်နေတဲ့ ကလေးတွေကို အလုပ်ရှင်တွေအနေနဲ့ ကျောင်းပြင်ပ ပညာသင်ကြားမှုတွေ လုပ်ပေးရမယ်ဆိုတာတွေ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

နောက်ပြီး အလုပ်လုပ်ရင်း ကျောင်းပညာ သို့မဟုတ် အသက်မွေးဝမ်းကျောင်းပညာတွေပါ သင်ကြားနိုင်အောင် စီမံထားရှိတယ်လို့ ပြောပါတယ်။

လောလောဆယ်မှာ ငွေကြေးချို့တဲ့လို့ ပညာမသင်နိုင်တဲ့ ကလေးတွေအတွက်လည်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနတချို့မှာ အသက် မွေးဝမ်း ကျောင်း သင်တန်းတွေ ဖွင့် လှစ်ထားတယ်လို့ ဆိုပါတယ်။

အခုရေးဆွဲထားတဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေကို မကြာခင်လွှတ်တော်ကို တင်ပြပြီးရင် အတည်ပြုနိုင်တော့မှာ ဖြစ်တယ်လို့ ပြောပါတယ်။

လောလောဆယ်ကြားကာလမှာတော့ လက်ရှိရှိနေတဲ့ ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေ နဲ့ လူမှုဝန်ထမ်းဌာနက ကလေးသူငယ်တွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက် ပေးနေတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အတွင်းဝန် ဦးစိုးအောင်က ပြောပါတယ်။