ပိတ်ထားတဲ့ ဘဏ်စာရင်းတွေ တရုတ်ပြန်ဖွင့်ပေး

  • 23 ဇွန် 2017
ဓာတ်ပုံ မူပိုင် MOI facebook
Image caption တရုတ်မြန်မာ နယ်စပ်ရွှေလီဂိတ်

တရုတ်အစိုးရက ပိတ်ထားရတဲ့ ဘဏ်စာရင်းတွေ ပြန်ဖွင့်ပေးဖို့ ဆန္ဒပြတဲ့နေ့ ဇွန်လ ၂၃ ရက်နေ့ ညနေမှာ မြန်မာ ကုန်သည်တွေရဲ့ ဘဏ်စာရင်း တော်တော် များများကို ပြန်ဖွင့် ပေးလိုက် ပါတယ်။

မြန်မာကုန်သည်တွေရဲ့ အပိတ်ခံ ထားရတဲ့ ဘဏ်စာရင်း ၉၀ ရာခိုင်နှုန်း လောက်ကို တရုတ်အစိုးရက ပြန်ဖွင့် ပေးလိုက်ပြီး ပေးရမယ့် အတိုးတွေ ကိုလည်း ထည့်ပေး လိုက်တယ်လို့ အပိတ်ခံရသူတွေထဲမှာ ပါတဲ့မူဆယ် အခြေစိုက် ဆန်ကုန်သည် ကိုမင်းသိန်းက ဘီဘီစီကို ပြောပါတယ်။

ဘဏ်စာရင်းတွေ ပြန်ပွင့် သွားတယ်ဆိုတာကို ကုန်သည်တွေက ကွန်ပျူတာတွေပေါ်မှာ ဘဏ်စာရင်းတွေကို စစ်ကြည့်ရင်းသိခဲ့ကြတာလို့ သူက ပြောပါတယ်။

Online လောင်းကစားနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို စုံစမ်းဖို့ ဆိုပြီး တစ်နိုင်ငံလုံးက မသင်္ကာစရာ ဘဏ်စာရင်း ပေါင်း ၅၀၀ ကျော်ကို တရုတ်ဗဟို အစိုးရက ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ ကစတင် ပိတ်ခဲ့ရာမှာ တရုတ်နိုင်ငံ ဘဏ်တွေမှာ ဘဏ်စာရင်း ဖွင့်ထားတဲ့ မူဆယ် အခြေစိုက် ကုန်သည်တွေရဲ့ ဘဏ်စာရင်း ၃၀၀ ကျော်လည်း အပိတ် ခံခဲ့ရ ပါတယ်။

နောက်ပိုင်းမှာ နှစ်ဖက် တာဝန်ရှိသူတွေ ညှိနှိုင်းခဲ့ပြီး အပိတ် ခံရတဲ့ မြန်မာကုန်သည် တွေရဲ့ ဘဏ်စာရင်း ၉၀ ရာခိုင်နှုန်းကျော်ကို ပြန်ဖွင့် ပေးလိုက် တာပါ။

အရင်က အလားတူ ဘဏ်စာရင်း အပိတ်ခံရတဲ့ အခါ အနည်းဆုံး ၆ လလောက် ကြာမှပြန်ဖွင့် ပေးလေ့ရှိပါတယ်။

ဒီတစ်ကြိမ်မှာ တစ်ပတ်အတွင်းပြန်ဖွင့်ပေးတာက နှစ်နိုင်ငံ ပြည်သူတွေရဲ့ အကျိုးစီးပွား ထိခိုက်မှာ စိုးရိမ်မှုနဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေး ထိခိုက်မှာ စိုးရိမ်တဲ့ အတွက် မြန်မြန်ဆန်ဆန် ဖွင့်ပေးတာ ဖြစ်နိုင်တယ်လို့ မူဆယ် ၁၀၅ မိုင်က ကုန်သည်တစ်ယောက်ဖြစ်တဲ့ ပဲ၊ ပြောင်း၊ နှမ်းနဲ့ လယ်ယာထွက်ကုန် ကုန်စည်ဒိုင် ဒုတိယ ဥက္ကဌ ဒေါ်ဖြူဖြူက သုံးသပ် ပါတယ်။