ပျက်ကျခဲ့တဲ့ တပ်မတော်လေယာဉ် ဆယ်ယူရေးမှာပါတဲ့ ရေငုပ်သမားတဦး ကွယ်လွန်

  • 23 ဇွန် 2017
ဓာတ်ပုံ မူပိုင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး
Image caption အခကြေးငွေနဲ့ တပ်မတော်ဘက်က ငှားရမ်းတာ မဟုတ်ဘူးလို့လည်း အဏ္ဏဝါမင်း ရေငုပ်အဖွဲ့ပိုင်ရှင် ဦးအီဘရာဟင်က ဘီဘီစီကို ပြော

ဇွန်လ ၇ ရက်နေ့က မြိတ်မြို့ကနေ ရန်ကုန်အသွား ထားဝယ်မြို့နားမှာ ပျက်ကျခဲ့တဲ့ Y-8 အမျိုးအစား တပ်မတော် လေယာဉ်ရဲ့ အစိတ်အပိုင်းတွေ ဆယ်ယူရေးနဲ့ ရှာဖွေ ကယ်ဆယ်မှု လုပ်ငန်းတွေမှာ ပါဝင်ခဲ့ပြီး ရေထုဖိအားဒဏ်ကြောင့် ဆေးရုံတင်ခဲ့ရတဲ့ ဒလမြို့နယ်က အဏ္ဏဝါမင်း ရေငုပ်အဖွဲ့ဝင် ဦးစောနောင်ဟာ ဇွန်လ ၂၂ ရက်နေ့ညက မင်္ဂလာဒုံ တပ်မတော် ဆေးရုံမှာ ကွယ်လွန်သွားတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရေငုပ်သမား တယောက် အတွက် တနာရီလောက် ငုပ်နိုင်ဖို့ဆိုရင် ရေအောက်မှာ သတိထား လှုပ်ရှားဖို့လိုပြီး လူ့အရေပြားနဲ့ ခန္ဓာကိုယ်ကြားက ဆဲလ်တွေ ဖိအားကြောင့် ပေါက်ကွဲတဲ့ အန္တရာယ်ရှိနေပြီး ဒီဝေဒနာတွေက ကုန်းပေါ်ရောက်မှ တဖြည်းဖြည်းပေါ်လာတာဖြစ်သလို ဒါကို ရေငုပ်သမား အခေါ်အဝေါ်အရ ရေညှပ်သတ်တယ်လို့လည်း ခေါ်ကြောင်း ဒီရေငုပ်အဖွဲ့မှာ ပါဝင်ခဲ့တဲ့ ဦးဗိုလ်စောက ဘီဘီစီကို ပြောပါတယ်။

ဦးစောနောင်နဲ့ အတူ ရေထုဖိအားဒဏ်ခံရလို့ ဆေးရုံတင်ခဲ့ ရတဲ့ ရေငုပ်အဖွဲ့ဝင် ဦးသန့်ဇင်ဦးကတော့ မင်္ဂလာဒုံ တပ်မတော် ဆေးရုံမှာ ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ပါတယ်။

အခုလို ကယ်ဆယ်ရေးမှာ ရေငုပ်အဖွဲ့က ပါဝင်တဲ့ နေရာမှာ ညတွင်းချင်း အကူအညီတောင်းတဲ့အတွက် အဖွဲ့က သွားရောက်ခဲ့တာ ဖြစ်ပြီး အခကြေးငွေနဲ့ တပ်မတော်ဘက်က ငှားရမ်းတာ မဟုတ်ဘူးလို့လည်း အဏ္ဏဝါမင်း ရေငုပ်အဖွဲ့ပိုင်ရှင် ဦးအီဘရာဟင်က ဘီဘီစီကို ပြောပါတယ်။

အခုလို လေယာဉ်ပျက်ကျပြီး နောက်ပိုင်း ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေကို တပ်မတော်ရေ နဲ့ တခြား ပုဂ္ဂလိက ရေငုပ်သမားတွေက ပူးပေါင်း ရှာဖွေနေပြီး လောလောဆယ်မှာ ပျံသန်းမှု အချက်အလက် တိုင်းတာစက်နဲ့ လေယာဉ်ဦးခန်း အသံဖမ်းစက် အပါအဝင် လေယာဉ် အစိတ်အပိုင်းတချို့နဲ့ အလောင်း ၉၃ လောင်း ဆယ်ယူ ရရှိထားပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ