ကျေးလက် ဒေသတွေရဲ့ အခြေခံ အဆောက်အဦ တည်ဆောက်ရေး

  • 23 ဇွန် 2017
Image caption ကျေးလက် လမ်းတံတား တည်ဆောက်ရေး

မြန်မာနိုင်ငံတလွှား ကျေးလက်ဒေသတွေမှာ လမ်းနဲ့တံတားတို့လို အခြေခံ အဆောက်အဦ တွေ တည်ဆောက်ဖို့ ဆောက်လုပ်ရေး ဝန်ကြီး ဌာနက တာဝန် ယူလိုက်ပြီး ဦးစီးဌာန အသစ် တစ်ခုလည်း ဖန်တီး ထားရှိ လာဖို့ အစိုးရက စီစဉ် နေပါတယ်။

ကျေးလက် လမ်းတံတား ဖွံဖြိုးမှု ဦးစီး ဌာန ဆိုပြီး အသစ် ထားရှိမှာ ဖြစ်တယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနရဲ့ ထိပ်တန်း အဆင့်မြင့် အရာရှိ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ကျေးလက် လမ်းတံတားတွေ ဆောက်လုပ်တဲ့ အခါ ပြင်ပ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို တင်ဒါ ခေါ်ယူတာမျိုး ကန်ထရိုက် ပေးတာမျိုး သက်သက် မဟုတ်ပဲ၊ ဝန်ကြီးဌာနက တိုက်ရိုက် တာဝန်ယူ ဆောင်ရွက်မှာလည်း ရှိလာမယ် ဆိုပြီး အဲဒီ အရာရှိက ပြောပါတယ်။

မြန်မာနိုင်ငံ တလွှား လမ်းတံတားတွေ ဆောက်လုပ်တဲ့အခါ စံချိန် အရည်အသွေး မပြည့်မီလို့ မကြာခင် ပျက်စီး ယိုယွင်း သွားတာတွေ၊ လုပ်ငန်း လုပ်ကိုင်ခွင့် ပေးရာမှာ ပွင့်လင်း မြင်သာမှု မရှိတာတွေ စတဲ့ အစိုးရ အဆက်ဆက် လက်ထက် ဖြစ်ပေါ်ခဲ့တဲ့ ပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်နေတယ်လို့ ဝေဖန် သုံးသပ်မှုတွေ ရှိနေပါတယ်။

ကျေးလက်ဒေသ အခြေခံ အဆောက်အဦတွေ တည်ဆောက်တဲ့ တာဝန်ကို အစိုးရ အဆက်ဆက် လက်ထက် ကိုယ်စီ ထားရှိတဲ့ မူဝါဒတွေ အလိုက် မတူတဲ့ ဝန်ကြီး ဌာနတွေက တာဝန်ယူ ကိုင်တွယ် ခဲ့ရတာ ဖြစ်ပါတယ်။

နယ်စပ်စည်ပင်၊ မွေးမြူရေး ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးမှု ဝန်ကြီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန် ကြီးဌာန တွေ ကိုင်တွယ် ခဲ့ဖူးတဲ့ ကျေးလက် လမ်းတံတား တည်ဆောက်ရေးဟာ အခုတခါ ဆောက်လုပ်ရေး ဝန်ကြီးဌာန အောက် ရောက်ရှိ လာတာ ဖြစ်ပါတယ်။