မြန်မာပြည်ကATMတွေမှာ ငွေလိမ်ထုတ်မှုနဲ့ UKနိုင်ငံသား ထောင် ၁၇ နှစ်ကျ

  • 24 ဇွန် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ကမ္ဘောဇဘဏ်၊ အေဂျီဒီဘဏ်၊ စီဘီဘဏ်နဲ့ မြန်မာ အရှေ့တိုင်းဘဏ်တွေရဲ့ အလိုအလျှောက် ငွေထုတ်စက်တွေမှာ မစ္စတာ ရဆယ်လင်ဂမ်က ဘဏ်ကတ် အတုတွေသုံးပြီး ငွေကြေး လိမ်လည် ထုတ်ယူခဲ့

မြန်မာနိုင်ငံက အလိုအလျှောက်ငွေထုတ်စက် ATM တွေမှာ ဘဏ်ကတ်အတုသုံးပြီး ငွေကြေး လိမ်လည် ထုတ်ယူမှုနဲ့ ယူကေနိုင်ငံသား နီရန်ဂျန် ရဆယ်လင်ဂမ်ကို ဗိုလ်တထောင်မြို့နယ် တရားရုံးက ထောင်ဒဏ် ၁၇ နှစ် ချမှတ်လိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ မြို့နယ်တချို့က ကမ္ဘောဇဘဏ်၊ အေဂျီဒီဘဏ်၊ စီဘီဘဏ်နဲ့ မြန်မာအရှေ့တိုင်း ဘဏ်တွေရဲ့ အလိုအလျှောက် ငွေထုတ်စက်တွေမှာ မစ္စတာ ရဆယ်လင်ဂမ်က ဘဏ်ကတ် အတုတွေသုံးပြီး ငွေကြေး လိမ်လည် ထုတ်ယူခဲ့ကြောင်း ပြစ်မှု ထင်ရှားတဲ့အတွက် ထောင်ဒဏ် ၈ နှစ်၊ အီလက်ထရောနစ်နဲ့ ငွေလွှဲပြောင်းမှုဆိုင်ရာ ပြစ်မှု (၈)ခုအတွက် ထောင်ဒဏ် ၈ နှစ် နဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ ထောင်ဒဏ် တနှစ်၊ စုစုပေါင်း ၁၇ နှစ် ပြစ်ဒဏ် ချခံရတာ ဖြစ်ကြောင်း သိရပါတယ်။

ခန့်မှန်းခြေ ကျပ်ငွေ သိန်း ၂၅၀ ကျော်ကို မစ္စတာ ရဆယ်လင်ဂမ်က ငွေထုတ်စက်တွေဆီက ခိုးယူခဲ့ကြောင်း သံသယရှိခံရတဲ့အတွက် တခြား အိန္ဒိယ အမျိုးသား သုံးဦးနဲ့အတူ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးထားခဲ့တာ ဖြစ်ပါတယ်။

အီလက်ထရောနစ်နဲ့ ငွေလွှဲပြောင်းမှုဆိုင်ရာ ပြစ်မှု ၈ ခုအတွက် ဒဏ်ငွေ သိန်း ၄၀ဝ ပေးဆောင်မယ်ဆိုရင်တော့ ဒီပြစ်ဒဏ်ထဲက ထောင်ဒဏ် ၈ နှစ်ကို တရားရုံးက လျှော့ချပေးမှာ ဖြစ်ပြီး သူ့ကို ချုပ်နှောင်ထားတဲ့ ကာလ ၂ နှစ်ခွဲကိုလည်း တရားသူကြီးက ထုတ်နှုတ်ခံစားခွင့် ပေးခဲ့ပါတယ်။

မစ္စတာ ရဆယ်လင်ဂမ်ကို စွဲချက်တင် အမိန့်မချပဲ ၂ နှစ်ခွဲအထိ ကြန့်ကြာနေရတာဟာ ဘာသာစကား အခက်အခဲနဲ့ မြို့နယ်ပေါင်းစုံက သီးခြားစီ စွဲချက်တင်တဲ့ အမှုတွေ များနေတာကြောင့် ဖြစ်တယ်လို့ တရားခံရှေ့နေ ဒေါ်နှင်းဝင့်အောင်က ဘီဘီစီကို ပြောပါတယ်။

အခုလို စွဲချက်တင်တဲ့ တရားရုံးနဲ့ အမှုတွေများနေတာကို ပေါင်းစည်း စစ်ဆေးဖို့ ပြည်ထောင်စု တရားလွှတ်တော် အဆင့်အထိ လျှောက်ထားခဲ့ပေမယ့် စုစုပေါင်း ၂၀ ရှိတဲ့ အမှုတွေကို ပေါင်းပေးဖို့ လျှောက်ထားချက် ပလပ်ခံရပြီး ဒီအမှုတွေကို တရားရုံး တရုံးထဲက စစ်ခွင့်တော့ ရခဲ့တဲ့အတွက် အခုလို နောက်ဆုံးမှာ စီရင်ချက် ထွက်လာတာလို့ သူက ပြောပါတယ်။

မစ္စတာ ရဆယ်လင်ဂမ်နဲ့အတူ အဖမ်းခံခဲ့ရတဲ့ အိန္ဒိယနိုင်ငံသား သုံးယောက်ထဲက ၂ ယောက်ကိုတော့ တရားရုံးက ထောင် ငါးနှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

အခုလို ဗိုလ်တထောင် တရားရုံးက ချမှတ်လိုက်တဲ့ ယူကေနိုင်ငံသားအတွက် ပြစ်ဒဏ်တွေနဲ့ ပတ်သက်ပြီး ခရိုင်တရားရုံးမှာ အယူခံဝင်သွားမယ်လို့ တရားခံရှေ့နေ ဒေါ်နှင်းဝင့်အောင်က ပြောပါတယ်။