တိုင်းနဲ့ပြည်နယ်တွေရဲ့ အစီအရင်ခံစာတွေကို NLD ဗဟို ပြန်လည် ဆွေးနွေးမယ်

  • 24 ဇွန် 2017
Image caption အစီအရင်ခံစာတွေ ပေါ် မူတည်ပြီး လိုအပ်တဲ့ ပြုပြင်မှုတွေ လုပ်ဆောင်သွားမယ်

အစိုးရကို ဦးဆောင်ဖွဲ့ထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုကော်မတီ အစည်းအဝေး ရန်ကုန် မြို့ ရုံးချုပ် မှာ နှစ်ရက်တာ ကျင်းပ နေပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲ လွန်ကာလ ပါတီ စည်းရုံးရေး အင်အား လျော့နည်း နေတာနဲ့ ဗဟိုကော်မတီ CC ရဲ့ လုပ်ငန်း တာဝန်တွေ တိတိကျကျ မရှိ ဖြစ်နေတဲ့ အခြေအနေတွကို တိုင်းနဲ့ ပြည်နယ် ကိုယ်စားလှယ် တွေက သုံးသပ် တင်ပြကြတယ်လို့ အစည်းအဝေး သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့တဲ့ ဦးအောင်ကြည်ညွှန့်က ဘီဘီစီကို ပြောပါတယ်။

တိုင်းနဲ့ ပြည်နယ်တွေက တင်သွင်းတဲ့ အစီအရင်ခံစာတွေ ပေါ် မူတည်ပြီး လိုအပ်တဲ့ ပြုပြင်မှုတွေ လုပ်ဆောင်သွားမယ် ဆိုပြီးတော့လည်း ဦးအောင်ကြည်ညွှန့်က ဆိုပါတယ်။

NLD ပါတီ ဗဟို ကော်မတီရဲ့ သတ္တမ အကြိမ် ပုံမှန် အစည်းအဝေး ကျင်းပ နေတာ ဖြစ်ပြီး၊ တင်သွင်းလာတဲ့ အစီအရင်ခံစာတွေ အပေါ် ဗဟိုကော်မတီက ပြန်လည် ဆွေးနွေး သွားဖို့လည်း ရှိနေပါတယ်။

ဒီ အစည်းအဝေးကို ဒေသန္တရ အစိုးရ အဖွဲ့တွေက ဝန်ကြီးချုပ်တွေ၊ လွှတ်တော် ဥက္ကဌ တွေလည်း တက်ရောက် နေပြီး ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ် အပါအဝင် လက်ရှိ နိုင်ငံရေး ပကတိ အခြေအနေတွေကို NLD ပါတီက သုံးသပ် နေတာ ဖြစ်ပါတယ်။