ကလေးစစ်သားအခြေအနေ စောင့်ကြည့်ဖို့ လို

  • 25 ဇွန် 2017
ဓာတ်ပုံ မူပိုင် Office of the Commander-in-Chief
Image caption ဇွန်လ ၂၃ ရက်က တပ်မတော်ကနေ နုတ်ထွက်ခွင့်ပေးတဲ့ ကလေးစစ်သားများ (ဓာတ်ပုံ - Office of the Commander-in-Chief)

အမေရိကန်အစိုးရကနေ လာမယ့် အင်္ဂါနေ့ကျရင် ထုတ်ပြန်ဖို့ရှိတဲ့ လူကုန်ကူးမှုအစီရင်ခံစာမှာ ကမ္ဘာတစ်ဝန်း ကလေးစစ်သားအသုံးပြုတဲ့ နိုင်ငံစာရင်းထဲမှာ မြန်မာနဲ့အီရတ်တို့ ပြန်ပါလာဖို့ မရှိဘူးလို့ အမေရိကန်က လာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ ကလေးစစ်သားအသုံးပြုမှု ဆက်ရှိနေတယ်လို့ ကုလသမဂ္ဂအပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြနေပါတယ်။

မြန်မာနိုင်ငံမှာ တပ်မတော်ဖက်က ကလေးစစ်သားတွေကို နုတ်ထွက်ခွင့်ပေးတာက တိုးတက်မှုတစ်ခု ဖြစ်ပေမယ့် တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ ကလေးစစ်သားအသုံးပြုမှု ဆက်ရှိနေသေးလို့ ကလေးစစ်သား အခြေအနေကို ဆက်စောင့်ကြည့်သင့်တယ်လို့ အာရှလူ့အခွင့်အရေး ကော်မရှင်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဦးမင်းလွင်ဦးက ပြောပါတယ်။

တပ်မတော်ဘက်ကနေ ဇွန်လ ၂၃ ရက်ကလည်း ကလေးသူငယ် ၆၇ ဦးကို တပ်မတော်ထဲကနေ နုတ်ထွက်ခွင့်ပေးခဲ့ပြီး ၂၀၁၂ ကနေ ၂၀၁၇ ထိ ၁၄ ကြိမ်အတွင်း ၈၇၇ ဦး နုတ်ထွက်ခွင့်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် ကလေးစစ်သားဟာ အရေအတွက် ဘယ်လောက်ရှိနေဆိုတာ အတိအကျမသိရသေးပေမယ့် တပ်မတော်အတွင်းမှာရော တိုင်းရင်းသား လက်နက်ကိုင်တွေဆီမှာပါ အများအပြား ကျန်နေသေးကြောင်း၊ အထူးသဖြင့် တပ်မတော်ထဲ ဝင်စဉ်က အရွယ်မရောက်သေးပေမယ့် ခုချိန်မှာ အရွယ်ရောက်နေသူတွေ ဖြစ်နေကြောင်း၊ အဲဒီလူတွေကိုလည်း ကလေးစစ်သားတွေအဖြစ် သတ်မှတ်နိုင်ကြောင်း လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ က အမှုဆောင် ဒါရိုက်တာ ဦးမြင့်အေးက ပြောပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ ကလေးစစ်သားအသုံးပြုမှု လျော့ကျလာရေး ဆောင်ရွက်မှုတွေကြောင့် အခုနောက်ပိုင်းမှာ ကလေးစစ်သားနဲ့ပတ်သက်ပြီး တိုင်ကြားတာတော့ နည်းလာတယ်လို့ ဒီလုပ်ငန်းစဉ်မှာ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်နဲ့အတူ ပါဝင်ဆောင်ရွက်နေတဲ့ ဦးမြင့်အေးက ပြောပါတယ်။

ဒါပေမယ့် ကလေးစစ်သားက ဆက်ရှိနေသေးတာကြောင့် အမေရိကန်ဘက်က ရုပ်သိမ်းမှုဟာ လူ့အခွင့်အရေးအခြေအနေဘက်က ကြည့်ရင် စောနေသေးတယ်လို့လည်း ပြောနိုင်ကြောင်း ဦးမြင့်အေးက ပြောပါတယ်။

အမေရိကန်အနေနဲ့ အာရှဒေသတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ မြန်မာတပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်လိုတာ၊ မြန်မာအစိုးရနဲ့ တပ်မတော်တို့ဘက်ကလည်း အနောက်နိုင်ငံတွေရဲ့ စစ်တပ်တွေနဲ့လည်း ပူးတွဲ ဆောင်ရွက်လိုတာတွေကြောင့် အခုလို အမေရိကန်ဘက်ကနေ ဆောင်ရွက်တာ ဖြစ်နိုင်ကြောင်းလည်း ဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။