မောင်တောမှာ ရခိုင်တိုင်းရင်းသား ၂ ဦး အသတ်ခံရ

  • 25 ဇွန် 2017
ဓာတ်ပုံ မူပိုင် MOI
Image caption တဦးကတော့ ဓါးဒဏ်ရာ ရခဲ့တယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ဘီဘီစီကို ပြော

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာအုပ်စု ကရိန်းကျေးရွာနေ ရခိုင်တိုင်းရင်းသား ၄ ဦးကို ဇွန်လ ၂၅ ရက်နေ့ မနက်ပိုင်းမှာ အမည်မသိ အကြမ်းဖက်သမားတွေက ဓါးနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ၂ ဦး သေဆုံးပြီး လွတ်မြောက်လာတဲ့ ကျန် ၂ ဦးထဲက တဦးကတော့ ဓါးဒဏ်ရာ ရခဲ့တယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။

အခုလို ဖြစ်ခဲ့တဲ့အတွက် တပ်မတော်နဲ့ လုံခြုံရေး တပ်ဖွဲ့တွေ ပူးပေါင်းပြီး နယ်မြေရှင်းလင်းရေး ပြုလုပ်နေပြီး နောက်ခံ အကြောင်းရင်း အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။

အခုလို ပြစ်မှုကျူးလွန်တဲ့ တရားခံတွေကို ဖမ်းဆီးရမိရေးအတွက် ပိုက်စိတ်တိုက် စုံစမ်းရှာဖွေသွားမယ်လို့လည်း ဦးရဲထွဋ်က ပြောပါတယ်။

မကြာသေးခင်ကလည်း ရခိုင်ပြည်နယ် မေယုတောင်ကြောမှာ အကြမ်းဖက်သင်တန်းပေးနေရာအဖြစ် အသုံးချနေတယ်လို့ အာဏာပိုင်တွေက ယူဆထားတဲ့ လှိုဏ်ခေါင်းတွေကို တွေ့ရှိ ရှင်းလင်းနိုင်ခဲ့ပြီး ခုခံလာသူ သုံးယောက်ကိုလည်း အသေဖမ်းမိခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၉ ရက်နေ့ကစပြီး လက်ရှိ ၂၀၁၇ ဇွန်လ ၂၀ ရက်နေ့အထိ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်မှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးတဦး အပါအဝင် သေဆုံးသူ ၃၄ ဦးရှိပြီး ပျောက်ဆုံးနေသူ ၂၂ ဦး ရှိတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ