နှစ်၅၀ ပြည့် တရုတ် မြန်မာ အရေးအခင်း

  • 26 ဇွန် 2017
Image caption ၂၀၁၇ ခုနှစ် တရုတ် နှစ်သစ်ကူး ပွဲကို ရန်ကုန်မှာ စည်းကားစွာ ကျင်းပ

ဇွန်လ ၂၆ ရက်နေ့ က ၁၉၆၇ ခုနှစ်က တရုတ် မြန်မာ အရေးအခင်း ဖြစ်ပွားခဲ့တာ အနှစ် ၅ဝ ပြည့်တဲ့ နေ့ ဖြစ်ပါတယ်။

ဒီအရေးအခင်းကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးတွေ ပျက်ပြားခဲ့ရပြီး သေကြေ ပျက်စီးမှု တွေ ရှိခဲ့သလို မြန်မာပြည်ပေါက် တရုတ်လူမျိုးတွေကို တရုတ်ဘက်က ပြန်ခေါ်တာတွေ ဖြစ်ခဲ့ပါတယ်။

၁၉၆၂ မြန်မာနိုင်ငံမှာ တော်လှန်ရေး ကောင်စီ ရဲ့ အာဏာသိမ်း အစိုးရ တက်လာပြီး နောက်ပိုင်း မြန်မာ တရုတ် ဆက်ဆံရေး တင်းမာလာခဲ့ပြီး ၁၉၆၆ မှာတော့ တရုတ် နိုင်ငံမှာ ယဉ်ကျေးမှု တော်လှန်ရေးကြောင့် မော်စီတုန်းရဲ့ အတွေးအခေါ်တွေ ပါတဲ့ စာအုပ်နီတွေကို ပြည်တွင်းပြည်ပ ဖြန့်ဝေမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

အဲဒီစာအုပ်တွေ မြန်မာနိုင်ငံ ရောက်လာပြီး တရုတ်ကျောင်းသားတွေ ရှိတဲ့ ကျောင်းတွေမှာ ဖြန့်ရာက အရေးအခင်းဖြစ်ပွားခဲ့တာလို့ အဲဒီအချိန်က ရန်ကုန် နိုင်ငံခြားရေးရုံးမှာ လုပ်နေတဲ့ သံတမန်ဟောင်း တယောက်ဖြစ်တဲ့ ဦးခင်မောင်ကြည်က ပြောပြပါတယ်။

နောက် ရန်ကုန် တရုတ်သံရုံးထဲမှာ တရုတ်နိုင်ငံသားတယောက် သတ်ဖြတ်ခံရတဲ့အတွက် ၂ နိုင်ငံ ဆက်ဆံရေးတွေ ပိုမို တင်းမာခဲ့ရတယ်လို့ နိုင်ငံခြားရေးဝန်ထမ်းဖြစ်ခဲ့တဲ့ ဦးခင်မောင်ကြည်က ဆက်ပြောပါတယ်။

အဲဒီ အချိန်တုန်း က မြန်မာ နိုင်ငံမှာ ဆန်စျေးကြီးမြင့်မှုတွေ ဖြစ်ပေါ် နေခဲ့ပြီး ဆန်ဝယ်လို့ မရတဲ့ အခြေအနေကို မကျေနပ်တဲ့ အချိန်မှာ စာအုပ် နီ တွေကို ဆန့်ကျင်တဲ့ လှုပ်ရှား မှုတွေ ဖြစ်ပေါ် ခဲ့ပြီး အဲဒီ ကနေ တရုတ် မြန်မာ အရေး အခင်း ဖြစ်ပွား ခဲ့တာလို့ မန္တလေး လူထု သတင်းစာမှာ အယ်ဒီတာ အဖြစ် ဆောင်ရွက်နေတဲ့ ဆရာ မောင်သစ်လွင် လူထုက သူ့ အမြင်ကို ပြောပါတယ်။

အဲဒီ အဓိကရုဏ်းကြောင့် မြန်မာနဲ့ အင်အားကြီး အိမ်ချင်းနီး နိုင်ငံကြား ဆက်ဆံရေး ဆိုးရွားခဲ့ရပေမယ့် နှစ်ဘက် ခေါင်းဆောင်တွေ ပြန်လည် ထိန်းညှိနိုင်မှုကြောင့် ဆက်ဆံရေးတွေ နှစ်ပိုင်း အတွင်း ပြန်လည် တည့်မတ်နိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။