ဒေါ်လာ သန်းတစ်ထောင်နီးပါး မူးယစ်ဆေးတွေ မီးရှို့

  • 26 ဇွန် 2017
Image caption နယ်မြေတည်ငြိမ်အေးချမ်းမှု အားနည်းခြင်းကတွေ ဘိန်းစိုက်ပျိုးမှုမြင့်တက်မှုရဲ့ အကြောင်းရင်းတစ်ရပ်ဖြစ်တယ်လို့ ရဲမှူးချုပ်ဝင်းနိုင်က ပြောပါတယ်

မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီယားနိုင်ငံတွေမှာ အမေရိကန်ဒေါ်လာ သန်း ၁ ထောင်နီးပါး တန်ဖိုးရှိတဲ့ ဖမ်းဆီးမိ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

ဇွန်လ ၂၆ ရက်မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မူယစ်ဆေးဝါးအလွဲသုံးစာမှုနဲ့ တရားမဝင် ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မီးရှို့ဖျက်ဆီးကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရဲတပ်ဖွဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဌာနက ဦးဆောင်တဲ့ အခမ်းအနားတွေမှာတော့ ပြီးခဲ့တဲ့ တစ်နှစ်တာကာလအတွင်း ပြည်တွင်းမှာ ဖမ်းဆီးရမိတဲ့ အမေရိကန်ဒေါ်လာ သန်းပေါင်း (၃၈၅) သန်း တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီး မြို့တွေမှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေ ကထက် (၇)ဆကျော် ပိုမိုများပြားတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးတာ ဖြစ်ပြီး ဒီထဲမှာ စိတ်ကြွရူးသွပ်ဆေးပြား အရေအတွက် ၁၃၁ သန်းကျော် အပါအဝင် ဘိန်းညို ဘိန်းဖြူ စတဲ့ ဆက်စပ် မူးယစ်ဆေးဝါး အမျိုးအမည် (၅၁) မျိုးပါဝင်ပါတယ်။

ထိုင်းနိုင်ငံမှာလည်း ဒေါ်လာ ၅၈၉ သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ ကမ္ဘာဒီယားနိုင်ငံမှာလည်း ဒေါ်လာ ၄ သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မီးရှို့ခဲ့ကြပါတယ်။

မူးယစ်ဆေးဝါးနှိမ်နှင်းမှုတွေ လုပ်ဆောင်နေပေမယ့် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဘိန်းထုတ်လုပ်မှု အများဆုံး နိုင်ငံတွေထဲမှာ ပါပါတယ်။

''ဘိန်းစိုက်ဒေသများရဲ့ ပထဝီအနေအထားအရ ဝေးလံခေါင်းပါးခြင်း၊ အခြေခံအဆောက်အအုံ ပြုပြင်မှု နောက်ကျခြင်း၊ အစားထိုးထွက်ကုန်သီးနှံ စျေးကွက်နည်းပါးခြင်း၊ မြေယာအသုံးချမှုအခွင့်အလမ်း နည်းပါးခြင်း နဲ့ နယ်မြေတည်ငြိမ်အေးချမ်းမှု အားနည်းခြင်းတွေကြောင့် ဘိန်းစိုက်ပျိုးမှုဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်းမှာ ပြန်လည် မြင့်တက်လာကြောင်း စိစစ် သိရှိရပါတယ်''လို့ ရဲမှူးချုပ်ဝင်းနိုင်က ပြောပါတယ်။

ဒေသတွင်းမှာ မူးယစ်ဆေးတိုက်ဖျက်မှုက မအောင်မြင်သေးဘူးလို့ ထိုင်းနိုင်ငံရဲ့ တရားရေးဝန်းကြီးကလည်း ပြောထားပါတယ်။

မူးယစ်ဆေး ထုတ်လုပ်သူတွေနဲ့ ဂိုဏ်းခေါင်းဆောင်တွေကို အမြစ်ပြတ် ဖမ်းဆီးနိုင်ခြင်း မရှိသေးဘူးလို့ အကဲခတ်တွေက ထောက်ပြကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ