မန်လန်ရွာသား ၃၀၀ လောက်ကို တပ်မတော်က ထိန်းချုပ်ထား

  • 26 ဇွန် 2017
ဓာတ်ပုံ မူပိုင် Google
Image caption နမ့်ဆန်မြို့နယ် မန်လန်ရွာက ဘုန်ကြီးကျောင်းမှာ ထားတာလို့ဆို

ရှမ်းပြည်နယ် အရှေ့ မြောက်ပိုင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန် မြို့နယ် မန်လန်ရွာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက တိုက်ပွဲတွေ ဖြစ်ခဲ့ပြီးနောက် တပ်မတော်က TNLA တအာင်း ပလောင် အဖွဲ့က တပ်သားတွေကို တစ်အိမ်တက်ဆင်း ရှာဖွေပြီး ရွာသား ၃၀၀ လောက်ကို ရွာပြင် ထွက်ခွင့် မပေးဘဲ ထိန်းချုပ် ထားတယ်လို့ အဲဒီရွာကနေ ထွက်ပြေး လာတဲ့ ရွာသားတွေက ပြောပါတယ်။

လက်နက်ကြီးတွေ ကျလို့ မန်လန်ရွာ ကနေ မန်လွယ် ရွာကို ပြေးသူ ၃၀ နီးပါး၊ နမ့်လင် ရွာကို ပြေးသူ ၅၀ နီးပါးနဲ့ တခြားရွာ ဖက်ကို ပြေးသူ တွေနဲ့ပေါင်းရင် စုစုပေါင်း ၁၀၀ နီးပါး ရှိတယ်လို့ သိရပါတယ်။

မန်လန်ရွာက ရွာသားတွေကို ဘုန်းကြီးကျောင်းမှာပဲ တပ်မတော်က နေခိုင်းတာ သုံးည လောက်ကြာပြီဖြစ်ပြီး ကိုယ့်အိမ်ကိုယ် မပြန် ကြရဘူးလို့ မန်လန်ကနေ ထွက်ပြေးလာပြီး မန်လွယ် ရွာက ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ကိုလှမြင့်က ပြောပါတယ်။

လွန်ခဲ့တဲ့ သုံးလေးရက်က သူတို့ရွာဘေးမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး နောက်တစ်နေ့မှာ ရွာထဲကို လက်နက်ကြီးတွေ ကျခဲ့တဲ့ အတွက် ထိတ်လန့်ပြီး ထွက်ပြေးလာတာလို့ သူက ပြောပါတယ်။

အိမ်တစ်အိမ်မှာ စုနေကြတဲ့ ၁၉ နှစ်နဲ့ အသက် ၂၀ အရွယ် လူငယ် ၆ ယောက် ကိုလည်း တပ်မတော်ဖက်က ကြိုးတုပ် ဖမ်းဆီးပြီး ဘုန်းကြီးကျောင်းကို ခေါ်လာခဲ့ရာမှာ တစ်ယောက်က ရိုက်နှက် ခံခဲ့ရတယ်လို့ ရွာသား တစ်ယောက်က ပြန်ပြောကြောင်းလည်း ကိုလှမြင့်က ပြောပါတယ်။

အဲဒီရွာမှာ TNLA တပ်သားတွေ အရင်က ဝင်ထွက် သွားလာတာတွေ ရှိပြီး သူတို့ မသိတဲ့ နေရာတွေကို သွားချင်ရင် ရွာသားတွေကို လမ်းပြခိုင်းတာမျိုး ရှိခဲ့တယ် လို့လည်း ဆိုပါတယ်။

ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှာ TNLA နဲ့ တပ်မတော် တိုက်ပွဲတွေ ဖြစ်ပြီ ဆိုရင် တပ်မတော်က ရွာတွေထဲကို ဝင်ပြီး ရှာဖွေတာမျိုး မကြာခဏ လုပ်လေ့ ရှိပြီး ရွာသူရွာသားတွေ အနေနဲ့ ထိတ်လန့် ကြောက်ရွံ့ နေကြရတယ်လို့ တအာင်း ပလောင် အမျိုးသား ပါတီက ပြောပါတယ်။

ရွာထဲကို တပ်မတော်သားတွေ ဝင်လာရင် အရပ်သားတွေ အထိတ်တလန့် ဖြစ်ကြရတဲ့ ကိစ္စကို ဘယ်သူကမှ လည်း အကာအကွယ် မပေးနိုင်ဘူးလို့ တအာင်းပလောင် အမျိုးသား ပါတီ ခေါင်းဆောင် တစ်ယောက်က ပြောပါတယ်။

အခုလို ဖြစ်ရပ်မျိုးကို ဖြေရှင်းပေးဖို့ သက်ဆိုင်ရာ ဗျူဟာမှူး၊ တပ်ရင်မှူးတို့ကို တင်ပြပြီး ဘာမှ လုပ်မပေးရင် လွှတ်တော်မှာ တင်ပြတာမျိုးပဲ လုပ်နိုင်တယ်လို့ အဲဒီ ပါတီခေါင်းဆောင်က ပြောပါတယ်။

ဒါပေမယ့် တကယ်တန်းမှာ ထိရောက်မှု ရှိမယ်လို့လည်း မမျှော်လင့်နိုင်ဘူးလို့ ဆိုပါတယ်။