သတင်းသမားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ AI တောင်းဆို

  • 26 ဇွန် 2017
Image caption TNLA အဖွဲ့မူးယစ်ဆေးမီးရှို့ဖျက်ဆီးတဲ့ အခမ်းအနား

ဇွန်လ ၂ ၆ ရက်နေ့ တုန်း က ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာ TNLA တအာင်းအဖွဲ့ နဲ့ ဆက်သွယ်လို့ ဆိုပြီး ဖမ်း ထားတဲ့ DVB နဲ့ ဧရာဝတီ သတင်း ဌာန က သတင်း သမား တွေကို အခုချိန် အထိ ဘယ်မှာ ထိန်းသိမ်း ထားတယ် ဆိုတာ မသိရသေးပါဘူး။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံး ရဲ့ ထုတ်ပြန်ချက် အရ လားရှိုး ရဲစခန်း ကို လွှဲပြောင်း ပေးအပ် ထားတယ်ဆိုပေမယ့် လားရှိုး ရဲစခန်း ကို ဆက်သွယ် တဲ့ အခါမှာလည်း သတင်း သမားတွေကို ထိန်းသိမ်း ထားတာ မရှိဘူးလို့ ပြောပါတယ်။

မိခင် သတင်းဌာန နဲ့ သတင်း သမား တွေ အကြားမှာ လုံးဝ အဆက်အသွယ် ပြတ်တောက် နေပြီး သူတို့ ကိုဘယ်မှာ ထိန်းသိမ်း ထားတယ် ဆိုတာ အခု ချိန်အထိ သိရှိရခြင်း မရှိဘူးလို့ ဧရာဝတီ သတင်းဌာန အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကိုကျော်စွာမိုး က ပြောပါတယ်။

DVB သတင်း ဌာနက အကြီးတန်း သတင်းထောက် ဦးအေးနိုင် နဲ့ ဦးပြည့်ဘုန်းနိုင်၊ ဧရာဝတီ သတင်းဌာန က သတင်းထောက် ဦးသိန်းဇော် တို့ အပါအဝင် အမျိုးသား ၇ ဦးကို ဖမ်းဆီး ထားတာ ဖြစ်ပါတယ်။

လောလောဆယ် အချိန်အထိ ရဲစခန်း ကို လွှဲပြောင်းပေးခြင်း မရှိသေးတဲ့ အတွက် တပ်မတော် ရဲ့ စခန်း တစ်ခုခု မှာ ထိန်းသိမ်းထားတာ ဖြစ်နိုင်ကြောင်း မိခင် သတင်း ဌာန တွေက ယူဆနေပါတယ်။

အဲဒီ သတင်းသမားတွေက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ နယ်မြေ တွေမှာ သတင်းသွားယူ တာတွေ ရှိခဲ့ပေမယ့် ပြဿနာ တစ်စုံ တစ်ရာ ဖြစ်ပေါ် ခဲ့ဖူးခြင်း မရှိပါဘူး။

တိုင်းရင်းသား လက်နက်ကိုင်တွေ နဲ့ ဆက်သွယ်တယ် ဆိုတဲ့ အရပ်သား တွေကို မတရား အသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ နဲ့ အရေးယူ ခဲ့တဲ့ အဖြစ်အပျက် တွေ ရှိခဲ့ပါတယ်။

အခု TNLA တအာင်း အဖွဲ့ က လုပ်တဲ့ မူးယစ်ဆေးဝါး မီးရှို့ ဖျက်ဆီးမှု ပွဲကို သွားပြီး သတင်းယူတဲ့ အချိန်မှ ဖမ်းဆီး ခဲ့တာတွေကလည်း မေးခွန်း ထုတ်စရာ တွေ ဖြစ်နေပါတယ်။

TNLA အဖွဲ့ဟာ အစိုးရနဲ့ ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးထားခြင်း မရှိတဲ့ အဖွဲ့ တစ်ခု ဖြစ်ပါတယ်။ သတင်းထောက်တွေ အနေနဲ့ နယ်မြေခံ လုံခြုံရေး အဖွဲ့တွေ ဆီကို အခါအားလျော်စွာ အသိပေး အကြောင်းကြားတာမျိုးလည်း ရှိခဲ့တယ်လို့ မိခင် သတင်းဌာန တွေက ဆိုပါတယ်။

လောလောဆယ်မှာ သတင်းသမားတွေ ပြန်လည် လွတ်မြောက်လာရေး အတွက် ပြန်ကြားရေး ဝန်ကြီးဌာန နဲ့ သတင်းမီဒီယာ ကောင်စီ တို့ ထံ ကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။

ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့ သတင်းသမား တွေကို အမြန်ဆုံး လွှတ်ပေးဖို့ နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် Amnesty International အဖွဲ့ကြီး ကလည်း ကြေညာချက် ထုတ်ပြန် တောင်းဆို ထားပါတယ်။