သခင်ဗဟိန်းဂူ ကြာနီကန်ရွှေ့ထားဆို

  • 27 ဇွန် 2017
ဓာတ်ပုံ မူပိုင် Sue Hnget

လွတ်လပ်ရေးကြိုးပမ်းမှုမှာပါခဲ့တဲ့ သခင်ဗဟိန်းရဲ့ဂူကို အာဏာရှင်လူတစုက ဖျောက်ဖျက်ဖို့ လုပ်ဆောင်တာ ရှိခဲ့ကြောင်း သခင်ဗဟိန်းရာပြည့်ဖြစ်မြောက်ရေးကော်မတီဝင် စာရေးဆရာဆူးငှက်က ပြောပါတယ်။

သခင်ဗဟိန်းရဲ့အုတ်ဂူကို မိသားစုက ရွာဟိုင်းသုသာန်မှာ ပြုလုပ်ထားပေမယ့် ၂ဝဝ၃ ခုနှစ်က အာဏာပိုင်လို့ယူဆရသူတွေက ဖျက်ဆီးပြီး မိသားစုမသိအောင် ကြာနီကန်သုသာန်မှာ ရွှေ့ပြောင်းခဲ့တယ် လို့လည်း ဆိုပါတယ်။

ဒီလိုဖျက်ဆီးတာကိုမြင်ရတဲ့ သက်သေပြောပြချက်အရ ကြာနီကန်သုသာန်ကို ရွှေ့မယ်ဆိုတာ သဲလွန်စရပေမယ့် ရှာလို့ခက်နေချိန်မှာ သခင်ဗဟိန်းအုတ်ဂူအသစ် တည်ဆောက်တဲ့ထဲပါတဲ့ ပန်းရံဆရာတယောက်က ကိုဗဟိန်းရာပြည့်ကော်မတီကို ဆက်သွယ် အတည်ပြုပေးလို့ ဂူအစစ်ကို တွေ့ရကြောင်း ဆူးငှက်က ပြောပါတယ်။

ဒီအုတ်ဂူမှာ ဘာနာမည်မှရေးထိုးမထားတာကြောင့် ဆက်လက်အတည်ပြုနိုင်ဖို့ စည်ပင်ကော်မတီတွေနဲ့ ပူးပေါင်း စစ်ဆေးတဲ့အခါမှာ စည်ပင်မှတ်တမ်းအရ ၂ဝဝ၃ ခုနှစ်က ခွင့်ပြုမိန့်မတောင်း၊ သေဆုံးသူနာမည်မပါဘဲ တည်ထားတဲ့ အုတ်ဂူတခုတည်းသာရှိတာမို့ ကြာနီကန်သုသာန်က ပိုင်ရှင်မဲ့ဂူဟာ သခင်ဗဟိန်းဂူအစစ်ဖြစ်တယ်လို့ ကော်မတီက အတည်ပြုခဲ့တယ် လို့ ဆရာဆူးငှက်က ပြောပါတယ်။

သခင်ဗဟိန်းဟာ အစက ကျောင်းသားခေါင်းဆောင်ဖြစ်ပြီး ၁၉၃၉ နောက်ပိုင်းမှာတော့ သခင်အောင်ဆန်း၊ သခင်စိုး၊ သခင်သန်းထွန်း တို့နဲ့အတူ ဗမာပြည်ကွန်မြူနစ်ပါတီတည်ထောင်ပြီး နိုင်ငံရေးထဲမှာ ဦးဆောင်လုပ်ရင်း ၁၉၄၆ ခုနှစ်မှာတော့ မန္တလေးမှာ ကွယ်လွန်ခဲ့တာပါ။

Image caption သခင်ဗဟိန်းရာပြည့် ကျောက်စာ မန္တလေးမှာ စိုက်

လက်ရှိ ကြာနီကန်သုသာန်မှာရှိနေတဲ့ သခင်ဗဟိန်းရဲ့အုတ်ဂူကိုတော့ မကြာခင်မှာ အများပြည်သူ ဂါရဝပြုနိုင်အောင် အမိုးအကာနဲ့ ဂူဗိမာန်တခု ပြန်ပြီးပြုပြင်မယ်လို့ သခင်ဗဟိန်းရာပြည့်ကျင်းပရေးကော်မတီက ပြောပါတယ်။

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာ ရှေ့တန်းကပါဝင်ခဲ့တဲ့ သခင်ဗဟိန်းရဲ့ နှစ်တရာပြည့်အနေနဲ့ ရန်ကုန် မှာ ဟောပြောပွဲတွေလုပ်သလို မန္တလေးမှာလည်း ကျောက်စာတိုင်စိုက်ထူပွဲတွေပြုလုပ်ခဲ့ပါတယ် ။

သခင်ဗဟိန်းရဲ့အသက် ၁ဝဝ ပြည့်အမှတ်တရအဖြစ် ကျောက်စာတိုင်ကို မန္တလေး ချမ်းမြသာစည်မြို့နယ်မှာရှိတဲ့ ၁၃ဝဝ ပြည့်အရေးတော်ပုံအတွင်းကျဆုံးသွားတဲ့ အာဇာနည် ၁၇ ဦးရဲ့ဗိမာန်မှာပဲ စိုက်ထူခဲ့ကြပါတယ်။