ဖမ်းဆီးခံသတင်းသမားတွေ ရဲဘက်ကို မလွှဲသေး

  • 27 ဇွန် 2017
ဓာတ်ပုံ မူပိုင် Lawi Weng Facebook
Image caption ဧရာဝတီ သတင်းထောက်ဦးသိန်းဇော်

တအောင်း လွတ်မြောက်ရေး တပ်မတော်နဲ့ ဆက်သွယ်လို့ ဆိုပြီး ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာ တပ်မတော်ရဲ့ ဖမ်းဆီးထားတာ ခံနေရတဲ့ DVB နဲ့ ဧရာဝတီ သတင်းဌာနက သတင်းသမားတွေကို ကျောက်မဲမြို့ အမှတ် (၁) တပ်မတော်စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် မှာ ထိန်းသိမ်းထားတယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တဦးက ဘီဘီစီကို အတည်ပြုပါတယ်။

သတင်းသမား ၄ ယောက်၊ ဘုန်းကြီး ၂ ပါး၊ ကားမောင်းသမား ၂ ယောက် ကို မနေ့က ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ အဲဒီ တာဝန်ရှိသူက ဆိုပါတယ်။

မနေ့က ထုတ်ပြန်တဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ သတင်းသမား ၃ ဦး အပါအဝင် လူ ၇ ဦး ကို တပ်မတော် ကနေ လားရှိုးရဲစခန်းကို လွှဲပေးပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ကျောက်မဲမြို့မှာ ရှိတဲ့ အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှာ ထိန်းသိမ်းထားပြီး ရဲကို လွှဲပြောင်းပေးခြင်း မရှိသေးဘူးလို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ တပ်မတော်ဘက်ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီမိုကရက်တစ် မြန်မာ့အသံ DVB နဲ့ ဧရာဝတီသတင်းဌာန တာဝန်ရှိသူတွေကတော့ သူတို့ရဲ့ သတင်းထောက်တွေနဲ့ အခုအထိ အဆက်သွယ်မရသေးသလို ဘယ်မှာ ဖမ်းထားတယ်ဆိုတာလည်း မသိရကြောင်း၊စစ်တပ်ဘက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့မရသလို သူတို့ကိုဆက်သွယ်အကြောင်းကြားတာမျိုးလည်းမရှိဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ဒီလို သတင်းထောက်တွေကို စစ်တပ်က ဖမ်းဆီးခဲ့တဲ့အပေါ်မှာ သတင်းမီဒီယာနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအပါအဝင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးကလည်း သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ထုတ်ပြန်ထားပါတယ်။

လွန်ခဲ့တဲ့နှစ် အနည်းငယ်အတွင်း သတင်းသမားတွေက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ နယ်မြေ တွေမှာ သတင်းသွားယူတာတွေ ရှိခဲ့ပေမယ့် ပြဿနာ တစုံတရာ ဖြစ်ပေါ်ခဲ့ဖူးခြင်း မရှိပါဘူး။