သတင်းသမားတွေကို တပ်မတော်က ရဲလက် လွှဲမပေးသေး

  • 27 ဇွန် 2017
ဓာတ်ပုံ မူပိုင် Lawi Weng Facebook
Image caption ဖမ်းဆီးခံရတဲ့ သတင်းသမားတွေထဲက တစ်ယောက် ဖြစ်တဲ့ ဧရာဝတီ သတင်ထောက် ကိုသိန်းဇော် ခေါ် Lawi Weng

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာ တပ်မတော်က ဖမ်းဆီးခဲ့တဲ့ သတင်းထောက်တွေဟာ အမှတ် ၁ တပ်မတော် စစ်ဆေးရေး ကွပ်ကွဲမှု ဌာနချုပ်ရှိရာ ကျောက်မဲ မှာပဲ ရှိ နေသေးပြီး ရဲစခန်းကို လွှဲပြောင်းပေးတာ မရှိသေးဘူးလို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တဦးက ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းက ဘီဘီစီကို အတည်ပြုပြော ပါတယ်။

TNLA တအာင်း ပလောင် လွတ်မြောက်ရေး တပ်မတော်နဲ့ ဆက်သွယ်တယ် ဆိုပြီး ဇွန်လ ၂၆ ရက်က ဖမ်းဆီးခံရ သူတွေ ထဲမှာ သတင်းသမား ၄ ယောက်၊ ဘုန်းကြီး ၂ ပါး၊ ကားမောင်း သမား ၂ ယောက်၊ စုစုပေါင်း ၈ ယောက် ပါဝင်တယ် လို့လည်း အဲဒီ တာဝန်ရှိသူက ပြောပါတယ်။

ဖမ်းဆီးထားတဲ့ သတင်းသမား ၃ ဦး အပါအဝင် လူ ၇ ဦး ကို တပ်မတော် ဖက်က လားရှိုးရဲစခန်းကို လွှဲပေးပြီး ဖြစ်တယ်လို့ ဇွန်လ ၂၅ ရက်နေ့က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံးက ထုတ်ပြန်ထား ပါတယ်။

တပ်မတော် ဖက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်း ပေမယ့် ပြန်လည်ဖြေဆိုတာ မရှိပါဘူး။

ဧရာဝတီနဲ့ ဒီဗွီဘီ သတင်းဌာနတွေကလည်း သူတို့ သတင်းထောက်တွေနဲ့ ပတ်သက်လို့ လားရှိုး ရဲစန်း အပါအဝင် ရဲစခန်း တွေမှာ စုံစမ်းခဲ့ပေမယ့် သတင်းထောက်တွေနဲ့ အခု ချိန်အထိ အဆက် အသွယ် မရသေးသလို တပ်မတော်ဖက် က သူတို့ကို ဆက်သွယ်လာတာလည်း မရှိသေးဘူးလို့ ပြောပါတယ်။

သတင်းထောက် တွေက မူးယစ်ဆေးဝါး ဖျက်ဆီးတဲ့ ကိစ္စ သတင်း သွားယူ တာသာ ဖြစ်ပြီး နယ်မြေခံ တပ်ဖွဲ့က နားလည်မှု လွဲလို့ ဖမ်းဆီး ထားတာသာ ဖြစ်နိုင်တယ်လို့ ဒီဗွီဘီ သတင်း ဌာနက ကိုသန်းဝင်းထွဋ်က ပြောပါတယ်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ကလည်း သတင်းသမား တွေကို အမြန်ဆုံး လွှတ်ပေးဖို့ သမ္မတ နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဆီ အိပ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုထားတယ်လို့ စာနယ်ဇင်းကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးအောင်လှထွန်း က ပြောပါတယ်။

တပ်မတော်ဖက် ကတော့ ဒီကိစ္စကို တရားဥပဒေနဲ့ အညီ ဆောင်ရွက်မယ်လို့ ပြောပေမယ့် ဘယ်လို ပုံစံမျိုး အရေးယူမလဲ ဆိုတာကို တိတိ ကျကျ ထုတ်ပြန်တာ မရှိသေးပါဘူး။

သတင်းသမားတွေ ဖမ်းဆီးခံရတာဟာ လွတ်လွတ်လပ်လပ် သတင်းရယူခွင့် အပေါ် ကန့်သတ်တာ ဖြစ်တယ်ဆိုပြီး သတင်းမီဒီယာတွေက ကန့်ကွက်နေကြ ပါတယ်။

သတင်းထောက်တွေ အခုလို ထိန်းသိမ်းခံရတဲ့ အတွက် သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ရန်ကုန်က အမေရိကန်သံရုံးက ကြေညာချက် ထုတ်ပြန်ထားပါတယ်။