သာသနာတော် သန့်ရှင်းရေး ဆောင်ရွက်တော့မယ်

  • 27 ဇွန် 2017
Image caption သာသနာ မသန့်ရှင်းရင် သာသနာတော်ကြီးရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီး သူရ ဦးအောင်ကို ပြော

ဗုဒ္ဓဘာသာ သာသနာတော် သန့်ရှင်းရေး ဆောင်ရွက်ဖို့ စီမံချက်တွေ ရေးဆွဲနေပြီလို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

သာသနာတော် သန့်ရှင်းရေး လုပ်ဖို့သင့်ပြီ ဆိုတဲ့ အကြံပေးချက်တွေ ရရှိထားတဲ့ အတွက် အဲဒီ အကြံပြု ချက်တွေကို အကောင်အထည်ဖော်ဖို့ စီမံချက်တွေ ရေးနေပြီ ဖြစ်ကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကိုက ဇွန်လ ၂၇ရက်နေ့က လွှတ်တော်ကို လာရောက်စဉ် သတင်းထောက်တွေကို ပြောကြားသွားတာပါ။

သာသနာတော်ကြီး အရှည် တည်တံ့နေပေမယ့် မသန့်ရှင်းဘူး ဆိုရင် သာသနာတော်ကြီးရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမှာ ဖြစ်ကြောင်း၊ ဒါ့ကြောင့် သာသနာ သန့်ရှင်းရေးကို မဝေးတော့တဲ့ အနာဂါတ်မှာ လုပ်နိုင်ဖို့ သာသနာရေး ဝန်ကြီးဌာနအနေနဲ့ လိုအပ်တဲ့ ကိန်းဂဏန်း၊ စာရင်းဇယားတွေ ပြုစုပြီး စီမံချက် ရေးဆွဲနိုင်ဖို့ စတင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဝန်ကြီး သူရ ဦးအောင်ကိုက ပြောပါတယ်။

သာသနာတော် သန့်ရှင်းအောင် ဆောင်ရွက်ဖို့အတွက် လက်ရှိ သံဃာတော်တွေထဲမှာ ဝိနည်းနဲ့ မညီတဲ့သူတွေကို အရေးယူသွားမယ်လို့လည်း သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးဇာနည်မင်းက ပြောပါတယ်။

ဥပမာအားဖြင့် လူစည်ကားရာ နေရာမှာ အလှူခံတဲ့ ရဟန်းတွေ၊ အရက်သေစာ သောက်စားတဲ့ ရဟန်းတွေ၊ ဆိုင်ကယ်၊ ကား မောင်းတဲ့ ရဟန်းတွေ၊ အိမ်ထောင် သားမွေး လုပ်နေတဲ့ ရဟန်းတွေကို သာသနာ ညှိုးနွမ်းစေမှုနဲ့ ဖေါ်ထုတ် ဖမ်းဆီးသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဝိနည်းတော်နဲ့ မညီတဲ့ လုပ်ရပ်တွေ လုပ်နေတဲ့ အစွန်းရောက် ရဟန်းတွေကိုလည်း ဥပဒေနဲ့ အညီ ဆောင်ရွက်သွားဖို့ ရှိတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးဇာနည်မင်းက ပြောပါတယ်။

သာသနာရေး ဝန်ကြီးဌာန အနေနဲ့ သာသနာတော် သန့်ရှင်းရေး ကနဦး ဆောင်ရွက်ချက် အနေနဲ့ ကျိုက်ထီးရိုး ဘုရားမှာ ဆောင်ရွက်ခဲ့ပါတယ်။

အခုအခါ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မကြာခင် ဆောင်ရွက်နိုင်ဖို့အတွက် အခုလို စီမံချက် ရေးဆွဲနေတာ ဖြစ်ပါတယ်။