ရှုံးပွဲမရှိ ရုရှားကိုနိုင်ဖို့ အောင်လ ဘယ်လို ပြင်ထားလဲ

  • 28 ဇွန် 2017
ဓာတ်ပုံ မူပိုင် One Championship
Image caption ဇန်နဝါရီတုန်းက ယှဉ်ပြိုင်မှု ရှုံးခဲ့အပြီး အကောင်းဆုံး ပုံစံနဲ့ ပြန်လာမယ်လို့ အောင်လ ပြောခဲ့

အမေရိကန် အခြေစိုက် မြန်မာ ပြည်ဖွား ဘက်စုံကိုယ်ခံ ပညာရှင် ကချင်တိုင်းရင်းသား ကိုအောင်လ အန်ဆန်ဟာ လာမယ့် ဇွန်လ ၃၀ ရက် မှာ လက်ရှိ ချန်ပီယံ ရုရှားကVitaly Bigdash နဲ့ ဒုတိယ အကြိမ် ပြန်လည် ထိုးသတ်မှာဖြစ်ပါတယ်။

ဒီတကြိမ်တော့ One Championship က ဦးစီကျင်းပတဲ့ မစ်ဒယ်ဝိတ် ကမ္ဘာ့ ချန်ပီယံလုပွဲကို ရန်ကုန်မြို့သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံကြီးမှာ ကျင်းပမှာ ဖြစ်ပါတယ်။

ပထမအကြိမ် ပြီးခဲ့တဲ့ ဇန်နဝါရီလက ဂျာကာတာမှာ ထိုးသတ်ခဲ့တုန်း ကတော့ ကိုအောင်လ အန်ဆန် ရှုံးနိမ့် ခဲ့တာကြောင့် အခုပွဲက သူ့အတွက် အရေးကြီး ပါတယ်။

အဲဒီပွဲတုန်းက ကြိုတင်ပြင်ဆင်ဖို့ ၁၀ ရက်သာ အချိန်ရခဲ့ပြီး အခု ခြောက်လလောက် အချိန်ရတဲ့ အတွက် ပြင်ဆင်ချိန် လုံလောက်တယ်လို့ ကိုအောင်လ အန်ဆန်က ပြောပါတယ်။

အစားအသောက်၊ လေ့ကျင့်မှု တွေအားလုံးကို အာရုံစိုက် ပြင်ဆင်ထားပြီး အပြောင်းအလဲ တွေလည်း လုပ်ထားတယ်လို့ ဆိုပါတယ်။

နည်းပြ အသစ် ပြောင်းလိုက်ပြီးနောက် လေ့ကျင့်တဲ့ အပိုင်းမှာလည်း သူနဲ့ ရွယ်တူ တခြား အသင်းက အမျိုးသား တစ်ယောက်ကို ခေါ်ယူ လေ့ကျင့် ထားတယ်လို့ ကိုအောင်လ အန်ဆန်က ပြောပါတယ်။

မြန်မာ စပါးအုံး Burmese Python လို့ လူသိများတဲ့ ကိုအောင်လက ဒီပွဲမှာ အရင်ပွဲတွေ တုန်းကလို ချုပ်နည်းနဲ့ ကစားမှာ မဟုတ်ဘဲ လက်သီးနဲ့ နိုင်အောင် ကစားဖို့ လက်သန်အောင် ပိုလေ့ကျင့် ထားတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ကိုအောင်လက သူနဲ့ ပြိုင်ရမယ့် ရုရှားကVitaly Bigdash လောက် အားရှိသူနဲ့ တခါမှ မတွေ့ဖူးဘူး၊ မကစားဖူးဘူး လို့လည်း ပြောပါတယ်။

အချိန်ပြည့် လေ့ကျင့်ပြီး နေ့စဉ် ၅ နာရီ ကနေ ၆ နာရီလောက် အထိ ရှိပြီး တစ်နေ့ နှစ်ကြိမ် သုံးကြိမ် လေ့ကျင့်တယ်လို ဆိုပါတယ်။

ခက်ခဲတဲ့ ယှဉ်ပြိုင်မှု ဖြစ်မယ်လို့ ကြိုတွက်ထားပြီး ပြင်ဆင်ထားတာဖြစ်ကြောင်းနဲ့ အားပေးသူ ပရိသတ်ကြီး ဂုဏ်ယူနိုင်အောင် ကစားသွားမယ်လို့ ကိုအောင်လ အန်ဆန်က ပြောပါတယ်။