ကမ္ဘာ့ချန်ပီယံနဲ့ မကျေပွဲ ထပ်နွှဲမယ့် အောင်လအန်ဆန်

  • 29 ဇွန် 2017
ဓာတ်ပုံ မူပိုင် One Championship
Image caption ဂျကာတာပွဲမှာ ဗစ်တာလီနဲ့ ၅ ချီပြည့် ထိုးသတ်ခဲ့

ဇွန်လ ၃၀ ရက် ဆိုရင် ရုရှားက ဗစ်တာလီ ဘစ်ဒက်ရှ်နဲ့ သုဝဏ္ဏ မိုးလုံလေလုံကွင်းမှာ မကျေပွဲ ပြန်လည် ထိုးသတ်မယ့် မြန်မာ့ စပါးအုံး အောင်လအန်ဆန်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ကြည့်ရအောင်ပါ။

အသက် ၃၂၊ အရပ် ၆ ပေ ၁ လက်မ၊ ကိုယ် အလေးချိန် ၁၈၅ ပေါင် ရှိတဲ့ အောင်လအန်ဆန်ဟာ မစ်ဒယ်ဝိတ်တန်းမှာ ထိုးသတ် သူဖြစ်ပါတယ်။

ထိုးသတ်နည်းပေါင်းစုံကို ခွင့်ပြုတဲ့ One Championship ပွဲတွေမှာ မြစ်ကြီးနားဇာတိ ကချင်နွယ်ဖွား အောင်လအန်ဆန်ဟာ ၁၉ ပွဲနိုင်၊ ၁ဝ ပွဲရှုံးထားပါတယ်။

နိုင်ငံတကာ ဇာတ်ခုံပေါ်မှာ မြန်မာ ဆိုတဲ့ နာမည်ကို ဆောင်ကြဉ်းပေးတဲ့ လက်ရှိ ခေတ်ပြိုင် တွေထဲ အောင်လအန်ဆန် အပါအဝင်မို့ မြန်မာ နိုင်ငံသားတွေရဲ့ အကြီးအကျယ် အားပေးမှု ရရှိထားသူပါ။

အင်ဒိုနီးရှား ပွဲတုန်းက ပြင်ဆင်ချိန် ၁ရက် အနည်းငယ်ပဲ ရခဲ့ပေမယ့် ပွဲမရှောင်ခဲ့ပဲ ကမ္ဘာ့ ချန်ပီယံ ဗစ်တာလီနဲ့ ၅ ချီပြည့် ထိုးသတ်ခဲ့သူမို့ အောင်လအန်ဆန်ကို ရဲရင့်တဲ့ နှလုံးသားမျိုး ရှိသူလို့ အများက လေးစား ခဲ့ပါတယ်။

အခုတော့ သူ့ကို ချစ်ကြတဲ့ မြန်မာ ပရိသတ်တွေရှေ့ အောင်လအန်ဆန်ဟာ ဗစ်တာလီနဲ့ မကျေပွဲ ပြန်ထိုးသတ်တော့မှာ ဖြစ်ပါတယ်။

အောင်လအန်ဆန်နဲ့ အသက်တူ၊ အလေးချိန်တူ၊ အရပ်မတိမ်းရှိတဲ့ ဗစ်တာလီ ဘစ်ဒက်ရှ် One Championship ရဲ့ မစ်ဒယ်ဝိတ်တန်း လက်ရှိ ချန်ပီယံ ဖြစ်ပါတယ်။

ဇာတိမြေ ရုရှားနဲ့ ယူကရိန်း၊ တူရကီ အပါအဝင် နိုင်ငံတကာမှာ ပွဲတိုးထားတဲ့ ဗစ်တာလေဟာ ၂၀၁၅ မှာတော့ အီဂို ဆီဗရစ်ကို အနိုင်ယူပြီး ချန်ပီယံ ဖြစ်လာပြီး ဂျကာတာပွဲမှာလည်း အောင်လအန်ဆန်ကို နိုင်လို့ သရဖူ ကာကွယ် နိုင်ခဲ့ပါတယ်။

ရှုံးပွဲမရှိ နိုင်ပွဲ ၉ ပွဲ ရထားတဲ့ ဗစ်တာလေဟာ ပြိုင်ဘက်တွေကို အလဲထိုးပြီးတော့ရော ချုပ်ကွက်တွေနဲ့ရော သတ်ကွက် အမျိုးစုံ သုံးပြီး အနိုင်ယူ တတ်သူမို့ အင်မတန် ကြောက်စရာ ကောင်းတဲ့ ကစားသမား အဖြစ် အသိအမှတ်ပြု ခံရသူ ဖြစ်ပါတယ်။

နည်းပေါင်းစုံ ခွင့်ပြုတဲ့ Mixed Martial Art ကစားနည်းတွေ အပေါ် အင်မတန် ခုံမင်ပြီး ဘဝကို နှစ်မြှုပ်ထားသူ တစ်ယောက် ဖြစ်တယ်လို့ ကိုယ်တိုင် ဖွင့်ဟ ပြောထားပါတယ်။

ရုရှားက Rostov- on-Don ဆိုတဲ့ ရုရှားမြို့မှာ ဇနီးသည်နဲ့ အခြေချ နေထိုင် နေပါတယ်။