ငြိမ်းချမ်းရေး အနာဂတ် ခက်ခဲမယ်

  • 29 ဇွန် 2017
ဓာတ်ပုံ မူပိုင် MOI
Image caption ငြိမ်းချမ်းရေးညီလာခံ

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ မကြာမီက ကျင်းပတဲ့ ဒုတိယအကြိမ် ပင်လုံညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်တွေ ခန့်မှန်းတာထက် ပိုတက်ရောက်ကြပြီး မူပေါင်း ၃၇ချက်ကို ခိုင်ခိုင်မာမာ ပြဌာန်းနိုင်လို့ အောင်မြင်တယ်လို့ ဆိုနိုင်ကြောင်း အိုင်စီဂျီရဲ့ အစီရင်ခံစာကဆိုပါတယ်။

ဒါပေမယ့် ရှေ့ဆက်ရမယ့် ခရီးက အလွန်ခက်ခဲမယ်လို့ ထောက်ပြသွားပါတယ်။ အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ ဖွဲ့တွေကြားမှာ မြောက်ပိုင်း မဟာမိတ်အဖွဲ့နဲ့ ယူအင်အက်စီ ညီညွတ်သော တိုင်းရင်းများ ဖယ်ဒရယ် ကောင်စီ၂ခုကြားမှာ တနိုင်ငံလုံး အပစ်ရပ်စဲရေး အပေါ်သဘောထား ကွာဟနေလို့ သူတို့အားလုံးပါဝင် လက်မှတ်ရေးထိုးဖို့ တိုက်တွန်းရာမှာ ခက်ခဲနိုင်တယ်လို့ အိုင်စီဂျီအဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ရစ်ချတ်ဟိုဆေးက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် တိုင်းရင်းသားတွေ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရင် ဘယ်လို အကျိုးအမြတ်ရှိမယ် ဆိုတာကို အာမခံချက် ပေးမှသာ လက်မှတ် ထိုးချင်လာမှာဖြစ်တယ်လို့ ထောက်ပြပါတယ်။

တရုတ်ရဲ့ ပါဝင်မှုအခန်းကဏ္ဍကို ကြည့်ရင် နယ်စပ်ဒေသက တိုင်းရင်းသားတွေအပေါ် သူ့ရဲ့သြဇာ လွှမ်းမိုးမှုရှိတဲ့အတွက် အခုထက်ပို ဆောင်ရွက်နိုင်မယ်လို့ထင်မြင်ကြောင်း ဒါကြောင့် မြန်မာနဲ့တိုင်းရင်းသား လက်နက်ကိုင် ၂ဘက်လုံးက တရုတ်နဲ့ မြန်မာကြား အားလုံးအတွက် အကျိုးရှိမယ့် Win Win အခြေအနေမျိုး ဖြစ်အောင်ဖန်တီး ကြိုးပမ်းသွားဖို့လိုကြောင်း မစ္စတာဟိုဆေးက ပြောပါတယ်။

တရားဝင် ဆွေးနွေးပွဲတွေ တွေ့ရပေမယ့် အသေအချာ အချိန်ယူပြီးပြင်ဆင်မှု မရှိလို့ အောင်မြင်တာမတွေ့ရကြောင်း ဒါကြောင့် အသေအချာ ပြင်ဆင်ဖို့နဲ့ အလွတ်သဘော ဆွေးနွေးပွဲတွေ လုပ်ပြီး ကြိုတင်ပြင်ဆင်ဖို့ လိုကြောင်းအစိုးရ ရော တိုင်းရင်းသား လက်နက်ကိုင် တွေဘက်ကိုပါအကြံပြုသွားပါတယ်။

အစီရင်ခံစာရဲ့ အဓိက တိုက်တွန်းချက်မှာ တဘက်နဲ့တဘက် အသေအချာ ညှိနှိုင်းကြဖို့နဲ့ အပေးအယူလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။