နာဂအရပ်သား တွေကို နှိပ်စက်တဲ့ စစ်သားတွေကို ခုံရုံးဖွဲ့စစ်

  • 29 ဇွန် 2017
ဓာတ်ပုံ မူပိုင် Ko Ke Jung
Image caption တာဝန်ရှိသူတွေ ယန်းကြုံးရွာမှာ စစ်ဆေးစဉ်

နာဂ ဒေသမှာ ကျောင်း ဆရာမတွေ အပါအဝင် ဒေသခံတွေကို ရိုက်နှက် ညှဉ်းပန်းမှုနဲ့ ပတ်သက်လို့ တပ်မတော်ဘက်က တပ်ရင်းမှူးအဆင့် အရာရှိ အပါအဝင် စစ်သည် တချို့ကို ခုံရုံးဖွဲ့ စစ်ဆေးနေပါတယ်။

ပြီးခဲ့တဲ့ မေလက လဟယ်မြို့မှာ ကျင်းပတဲ့ သင်ရိုးသစ် အလုပ်ရုံ ဆွေးနွေးပွဲကအပြန် ထန်ကုန်းရွာ အရောက်မှာ ဟုမ္မလင်း အခြေစိုက် ခလရ ၂၂၂ က တပ်မတော် တပ်ရင်းက စစ်သည်တွေက သူတို့ကို ရိုက်နှက် ညှဉ်းပန်းတာတွေ လုပ်ခဲ့တယ်လို့ သိရကြောင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးကေးဆိုင်းက ဘီဘီစီကို ပြောပါတယ်။

နာဂဒေသ လဟယ်မြို့နယ် လန်ထိန် ကျေးရွာမှာ နယ်မြေ တာဝန်ကျတဲ့ တပ်မတော် တပ်ရင်းက ဒေသခံတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တယ် ဆိုပြီး အနောက်မြောက်တိုင်း စစ်ဌာနချုပ် အပါဝင် အစိုးရ တာဝန်ရှိသူတွေကို တိုင်ကြားခဲ့ ပြီးနောက် အခုလို စုံစမ်း စစ်ဆေးတဲ့ အထိ ဖြစ်လာခဲ့တာပါ။

လူမှု ကွန်ရက် မီဒီယာမှာလည်း ဒီကိစ္စ ပျံ့နှံ့ခဲ့ ပါတယ်။

အခု စစ်ဆေးမှုက ပဏာမ စစ်ဆေးမှု ဖြစ်ပြီး ကျူးလွန်မှု ဖြစ်ခဲ့တယ်ဆိုတာ တပ်ရင်းက တပ်ရင်းမှူးကလည်း ဝန်ခံခဲ့ပြီး ဖြစ်လို့ ဒီအမှုမှာ ကျူးလွန်သူ တွေကို အပြစ်ပေးမယ်လို့ ယုံကြည်ကြောင်း ဦးကေးဆိုင်းက ပြောပါတယ်။

စစ်ဆေးမှုကို လဟယ် တပ်နယ်မှာ လွန်ခဲ့တဲ့ သီတင်းပတ်က ပြုလုပ်ခဲ့တာပါ။

တပ်မတော်က ခုံရုံးဖွဲ့ စစ်ဆေးမှုမှာ စစ်ခုံရုံး စည်းမျဉ်းအရ လွှတ်တော် ကိုယ်စားလှယ်တွေ ဒေသ ဦးစီးအဖွဲ့တွေ ဝင်ရောက်ခွင့် မရှိတဲ့အတွက် ပွင့်လင်း မြင်သာမှုပိုင်းမှာ အားမရဘူးလို့ ဒေသခံ တချို့က ပြောပါတယ်။

စစ်မက်ဖြစ်ပွားတဲ့ ဒေသတွေမှာ တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်တာတွေ အရင်က ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ ဒါတွေနဲ့ ပတ်သက်လို့ စစ်တပ်က ခုံရုံးဖွဲ့ စစ်ဆေးတာတွေ ပြုလုပ်လာတာ တွေ့ရပါတယ်။

အခုလို စစ်ဆေးမှုတွေ ရှိပေမဲ့ တချို့ စစ်မက်ဖြစ်ပွားနေတဲ့ တိုင်းရင်းသား ဒေသတွေမှာတော့ လူ့အခွင့် အရေး ချိုးဖောက်မှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ လူ့အခွင့် အရေး လှုပ်ရှားသူတွေက ပြောနေကြ ပါတယ်။