တိုင်းနဲ့ပြည်နယ်အဆင့် နယ်လုံဝန်ကြီးတွေ ပြောင်းတော့မယ်

  • 30 ဇွန် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပေးပို့တဲ့ နယ်လုံဝန်ကြီး စာရင်းအတိုင်း နိုင်ငံတော် သမ္မတက ခန့်အပ်ပေးရတာ ဖြစ်

ယခင်အစိုးရလက်ထက်က ခန့်အပ်ထားတဲ့ ကချင်၊ ချင်း၊ ရှမ်း၊ ရခိုင်ပြည်နယ်တွေနဲ့ ရန်ကုန်၊ မန္တလေးနဲ့ မကွေးတိုင်း ဒေသကြီးတွေက နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ၇ ယောက်ကို အပြောင်းအလဲ လုပ်တော့မှာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ နယ်လုံဝန်ကြီးအဖြစ် ထမ်းဆောင်မယ့်သူတွေဟာ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ရဲ့ ကိုယ်စားလှယ်ဖြစ်ဖို့ လိုတဲ့အတွက် လက်ရှိ နယ်လုံဝန်ကြီးတွေ နေရာမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အစားထိုးမယ့် တပ်မတော်သား ကိုယ်စားလှယ် စာရင်းကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တင်သွင်းခဲ့ပြီး ရွေးကောက်ပွဲ ကော်မရှင်က စိစစ် လက်ခံခဲ့ကြောင်း ဇွန်လ ၂၉ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အခုလို နေရာပြောင်းလဲခံရတဲ့ နယ်လုံဝန်ကြီးတွေထဲမှာ ရန်ကုန်တိုင်း နယ်လုံ ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်း၊ မန္တလေးတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းအောင်၊ ရခိုင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းတို့လည်း ပါဝင်ပါတယ်။

နယ်လုံဝန်ကြီး ပြောင်းလဲမယ့် တိုင်းဒေသကြီးထဲမှာ ပါဝင်တဲ့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုကတော့ လက်ရှိ နယ်လုံဝန်ကြီးနဲ့ အလုပ်လုပ်ရတာ အဆင်ပြေသလို သူ့ကိုပြောင်းပေးဖို့ သက်ဆိုင်ရာကို မတောင်းဆိုခဲ့ဖူးဘူးလို့ ပြောပါတယ်။

အခုလို အပြောင်းခံရတဲ့ နယ်လုံဝန်ကြီးတွေထဲက တချို့ဟာ စစ်မှုထမ်း ပင်စင် ပြည့်တဲ့အတွက် ဝန်ကြီးသစ်တွေနဲ့ အစားထိုးခဲ့တာလို့လည်း လေ့လာသုံးသပ်သူ တချို့က ပြောပါတယ်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပေးပို့တဲ့ နယ်လုံဝန်ကြီး စာရင်းအတိုင်း နိုင်ငံတော် သမ္မတက ခန့်အပ်ပေးရတာ ဖြစ်ပါတယ်။