ရွှေ့ပြောင်းအလုပ်သမား တွေကိုဖမ်းတဲ့ ဥပဒေသစ် ထိုင်းရွှေ့ဆိုင်း

  • 30 ဇွန် 2017
ဓာတ်ပုံ မူပိုင် Mansawe Tun ( JACBA)
Image caption မြန်မာနိုင်ငံကို ပြန်ကြတဲ့ အလုပ်သမားတွေကို ထိုင်းမြန်မာ နယ်စပ် မြဝတီ ၉၉၉ ဂိတ်မှာဇွန်လ ၃၀ ရက်က တွေ့ရစဉ်

ထိုင်းနိုင်ငံက ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ပတ်သက်ပြီး ဥပဒေသစ် ထုတ်ပြန် ပြီးတဲ့နောက် ဖမ်းဆီး အရေးယူမှုတွေ ဖြစ်ခဲ့ပြီး နောက်ပိုင်း အဲဒီ ဥပဒေကို ထိုင်းဘက်က အချိန် လေးလ ရွှေ့ဆိုင်းလိုက် ပါတယ်။

မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ပတ်သက်လို့ မြန်မာ အစိုးရ ဘက်က ပန်ကြားခဲ့ပြီးနောက် အခုလို ရက်ရွှေ့ဆိုင်းတာလို့ ဘန်ကောက်က မြန်မာ သံရုံးရဲ့ အလုပ်သမားကူညီ စောင့်ရှောက်ရေး ကော်မတီဝင်လည်းဖြစ် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အရေးပူးတွဲလှုပ်ရှားမှု ကော်မတီ ဥက္ကဌ လည်းဖြစ်တဲ့ ဦးမိုးကြိုးက ပြောပါတယ်။

ထိုင်းအစိုးရက ဇွန်လ ၂၂ ရက်နေ့က အလုပ်သမား ဥပဒေသစ် ပြဋ္ဌာန်း လိုက်ပြီးတဲ့နောက် တရားမဝင် အလုပ်သမားတွေ အဖြစ် သတ်မှတ်ခံရတဲ့ အလုပ်သမား ၅၀ဝ၀ ကျော် အဖမ်းခံ ခဲ့ရတဲ့အထဲမှာ မြန်မာအလုပ်သမား ၃၅၀ဝ လောက် ပါဝင် တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ထိုင်းမှာရှိတဲ့ တရားမဝင် မြန်မာ အလုပ်သမားတွေက သူတို့ ဖမ်းဆီးခံရမှာ စိုးရိမ်လို့ ထောင်နဲ့ချီပြီး ကိုယ့်နေရပ်ကို ပြန်ခဲ့ကြ ပါတယ်။

ဒီဥပဒေသစ် အရ မှတ်တမ်းမဝင်တဲ့ အလုပ်သမား တွေကို ခန့်တဲ့ အလုပ်ရှင် တွေက အလုပ်သမား တစ်ယောက်ချင်းစီ အတွက် ဘတ်ငွေ လေးသိန်း ကနေ ၈ သိန်း အထိ ကြီးလေးတဲ့ ငွေဒဏ် ပေးဆောင်ရမှာ ဖြစ်သလို အလုပ်သမားတွေ ကိုယ်တိုင်ကလည်း ဒဏ်ငွေ ဘတ်နှစ်သောင်း ကနေ တစ်သိန်း အထိ ကျခံရမှာ ဖြစ်ပါတယ်။

အခု ထိုင်းအစိုးရရဲ့ ထပ်တိုးတဲ့ အချိန် လေးလ ကျော်ရင်တော့ စာရွက်စာတမ်း အထောက်အထား ပြည့်စုံအောင် မလုပ်တဲ့ အလုပ်သမားတွေကို ဆက်လက် ဖမ်းဆီး အရေးယူတာတွေ ဆက်လုပ်မှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ နေထိုင် အလုပ် လုပ်ကိုင်ခွင့် ရဖို့ အလုပ် လုပ်ကိုင်ခွင့် ပါမစ် နဲ့ ယာယီ နိုင်ငံကူးလက်မှတ် ဒါမှ မဟုတ် နိုင်ငံကူးလက်မှတ် ရှိဖို့ လိုပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေ အရေးနဲ့ ပတ်သက်လို့ မြန်မာ အစိုးရ ဘက်က အတတ်နိုင်ဆုံး ကူညီဆောင်ရွက်နေပြီး ထိုင်းဖက်က လိုက်ပါ ဆောင်ရွက်ခြင်း မရှိတဲ့ အတွက် အခက်အခဲတွေ ရှိနေတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။