One Championship မစ်ဒယ် ဝိတ်တန်း ချန်ပီယံ အောင်လအန်ဆန်

  • 30 ဇွန် 2017
Image caption အောင်မြင်မှု ရယူလိုရင် အများကြီး ပေးဆပ်ရမယ်

မြန်မာ့ စပါးအုံး ရယ်လို့ နိုင်ငံတကာ သိုင်းနည်း ပေါင်းစုံသုံး လက်ဝှေ့ လောကမှာ ကျော်ကြားတဲ့ ကချင်နွယ်ဖွား အောင်လအန်ဆန် တစ်ယောက် One Championship ရဲ့ မစ်ဒယ်ဝိတ်တန်းမှာ ကမ္ဘာ့ချန်ပီယံ ဖြစ်လာ ခဲ့ပါပြီ။

သုဝဏ္ဏမြို့ အားကစားရုံမှာ ရုရှနိုင်ငံသား လက်ရှိ ချန်ပီယံ ဗစ်တာလီ ဘစ်တက်ရှ်ကို အောင်လက ရှုံးကြွေးဆပ် အနိုင်ယူ လိုက်တာ ဖြစ်ပါတယ်။

အောင်လ ဟာ ပထမ အချီမှာ အသာစီး နဲ့ ထိုးသတ် နိုင်ခဲ့ပြီး နောက် အချီတွေမှာ သူတင်ကိုယ်တင် ဖြစ်ခဲ့ပါတယ်။

နောက်ဆုံး ငါးချီ မြောက်မှာ နှစ်ယောက်စလုံးက အနိုင်ရဖို့ အစွမ်းကုန် အားထုတ် လာတဲ့အတွက် ပွဲက အတော်လေး မြိုင်ဆိုင်ပြီး ကြည့်ကောင်းခဲ့ပါတယ်။

ငါးချီ ပြည့် ထိုးသတ် ပြီချိန်မှာတော့ ဒိုင်တွေ အားလုံး က အောင်လ ကို အမှတ်ပြည့်ပေးပြီး တညီတညာထဲ အနိုင်ပေးခဲ့ပါတယ်။

ဂျကာတာပွဲတုန်းက အောင်လကို နိုင်ခဲ့တဲ့ ဗစ်တာလီ ဘစ်ဒက်ရှ် တစ်ယောက်တော့ ရန်ကုန်မြေမှာ ချန်ပီယံ ခါးပတ် လက်လွှတ် ခဲ့ရသလို MMA ပြိုင်ပွဲတွေမှာ ပထမဦးဆုံး ရှုံးပွဲ ကြုံတွေ့ သွားဖြစ်ပါတယ်။

အခုပွဲမှာ အောင်ပွဲ ရယူနိုင်ဖို့ သူ့ အနေနဲ့ အစားအသောက် အနေအထိုင်ကအစ အင်မတန် ဂရုစိုက် ခဲ့ရသလို မိသားစုနဲ့ တွေ့ဆုံချိန်ပါ အလွန် နည်းသွားတဲ့ အထိ ပြင်ဆင် ခဲ့ရတာ ဖြစ်တယ်လို့ ကမ္ဘာ့ ချန်ပီယံ အသစ်စက်စက် အောင်လက ပွဲအပြီး ဘီဘီစီနဲ့ သီးသန့် တွေ့ဆုံခန်းမှာ ပြောခဲ့ပါတယ်။

အောင်မြင်မှု ရယူလိုရင် အများကြီး ပေးဆပ် ရမှာ ဖြစ်တယ်လို့လည်း ချန်ပီယံ အောင်လက ပြောပါတယ်။

သူ့ကို တခဲနက် အားပေးကြတဲ့ မြန်မာ ပရိသတ် အားလုံးကိုလည်း အောင်လက အထူး ကျေးဇူး တင်တယ် ဆိုပြီး ဘီဘီစီကနေ တဆင့် ပြောသွားပါတယ်။

မြန်မာ နိုင်ငံသား ပရိသတ်တွေ ဆက်လက် ဂုဏ်ယူ သွားနိုင်အောင် သူ့ရဲ့ ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ဆက်လက် ကာကွယ် သွားမယ် ဆိုပြီး အောင်လက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ