ဦးကိုနီ လုပ်ကြံခံရမှု တရားလိုဘက် စမေးပြီ

  • 30 ဇွန် 2017
Image caption ကြည်လင်း အပါအဝင် ၄ ဦးလည်း ရုံးချိန်းမှာ ရှိနေ

တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံ ခံခဲ့ရမှု အတွက် ၁၃ ကြိမ်မြောက် ရုံးချိန်းကို ဇွန်လ ၃ဝ ရက်နေ့က ရန်ကုန်မြောက်ပိုင်း ခရိုင် တရားရုံးမှာ ပြုလုပ် ခဲ့ပါတယ်။

အဲဒီ့ ရုံးချိန်းမှာ တရားလိုတွေဘက်ကို စတင်ပြီး စစ်ဆေးမှုလည်းဖြစ်သလို၊ စစ်တပ် အရာရှိဟောင်း အောင်ဝင်းခိုင်ကို တရားခံပြေး အဖြစ် ကြေငြာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့ ရုံးထုတ် စစ်ဆေးမှုလည်း ဖြစ်ပါတယ်။

တရားလို ရဲအုပ်မိုးနိုင်ကို စစ်ဆေးခဲ့ပြီး အမှုကို အစက ပြန်မစစ်ပဲ ယခင်စစ်ဆေးမှုတွေ တုန်းက ထွက်ဆို ထားတဲ့အတိုင်း ပြန်လည် ဖတ်ပြပြီး အပြန်အလှန် မေးမြန်းခဲ့ပါတယ်။

ဦးကိုနီ လုပ်ကြံ ခံရမှုမှာ သေနတ်သမားကို ဖမ်းဆီးဖို့ ကြိုးစားရာက သေဆုံးခဲ့တဲ့ တက္ကစီသမား ဦးနေဝင်းရဲ့ ဇနီးသည်ဘက်က ရှေ့နေက နောက်တိုး စွပ်စွဲခံရသူ ၄ ယောက်နဲ့ သက်သေ ၂ ဦး တိုးပေးဖို့ တရားသူကြီးဆီ တင်ပြဖို့ ဥပဒေအရာရှိက တဆင့် တင်ခဲ့ပေမယ့် ဥပဒေအရာရှိက တင်မပေးခဲ့ပါဘူး။

အမှုနဲ့ ဆက်စပ်နေသူတွေ ပိုမို ထွက်ပေါ်လာစေဖို့ စွပ်စွဲခံရသူ ၄ ဦး ထပ်တိုးဖို့ စီစဉ် ခဲ့တာ ဖြစ်တယ် ဆိုပြီး ဦးနေဝင်းရဲ့ ဇနီးသည်ရဲ့ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးတဲ့ ဦးရောဘတ် စန်းအောင်က ပြောပါတယ်။

ဒါ့အပြင် အခင်းဖြစ်ရာမှာ သိမ်းဆည်း ရမိထားတဲ့ သေနတ်နဲ့ ပတ်သက်လို့ ရှာဖွေပုံစံမှာ သေနတ်နံပတ် မထည့်သွင်းထားတဲ့ အပေါ် ထည့်သွင်းပေးဖို့ ဥပဒေအရာရှိက တဆင့် တင်ပြ ခဲ့ပေမဲ့လည်း တခြား သက်သေခံ စာရွက် စာတမ်းတွေမှာ ပါနေတယ်ဆိုပြီး ပယ်ချ ခံခဲ့ရပါတယ်။

ဦးကိုနီနဲ့ တက္ကစီ ဒရိုင်ဘာ ဦးနေဝင်း အသတ် ခံရမှုမှာ ဖမ်းဆီး ရရှိထားတဲ့ ကြည်လင်း အပါအဝင် ၄ ဦးလည်း အဲဒီ ရုံးချိန်းမှာ ရှိနေခဲ့ပါတယ်။

အန်အယ်လ်ဒီ ပါတီ ဥပဒေအကြံပေး ရှေ့နေ ဦးကိုနီ ရန်ကုန်မြို့ နိုင်ငံတကာ လေဆိပ် အပေါက်ဝမှာ လုပ်ကြံ ခံခဲ့ရတာ ၅ လ ရှိပြီ ဖြစ်ပါတယ်။

၁၄ ကြိမ်မြောက် ရုံးထုတ် စစ်ဆေးမှုကို လာမယ့် ဇူလိုင်လ ၇ ရက်နေ့မှာ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။