အရပ်ဘက်စစ်ဘက် ထိပ်တန်း ခေါင်းဆောင်တွေ တွေ့ပြီး ရခိုင်အရေး ဆွေးနွေး

  • 30 ဇွန် 2017
ဓာတ်ပုံ မူပိုင် Myanmar President Office
Image caption သမ္မတ အိမ်တော် အစည်းအဝေး

ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး အထူး အစည်းအဝေး တစ်ရပ် နေပြည်တော် သမ္မတ အိမ်တော်မှာ ပြုလုပ်ခဲ့တယ် ဆိုပြီး အစိုးရက ထုတ်ပြန်ပါတယ်။

အဲဒီ အစည်းအဝေးမှာ သမ္မတ ဦးထင်ကျော်နဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒုတိယသမ္မတ တွေ၊ လွှတ်တော် ဥက္ကဌတွေနဲ့ ထိပ်တန်း စစ်ဘက် အရာရှိတွေ တက်ရောက် ခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့ အခွင့်အရေးကောင်စီက ဖွဲ့စည်းထားတဲ့ အချက်အလက် ရှာဖွေရေး အဖွဲ့နဲ့ ပတ်သက်ပြီး မြန်မာဘက်က တုံ့ပြန်မယ့် အစီအစဉ်တွေကို အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ဦးသောင်းထွန်းက အစည်းအဝေးမှာ တင်ပြခဲ့တယ်လို့ ဆိုပေမယ့် အသေးစိတ်ကိုတော့ မထုတ်ပြန် ပါဘူး။

ဒါ့အပြင် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖွဲ့ပေးခဲ့တဲ့ ကိုဖီအာနန် ကော်မရှင် ကနေ ထုတ်ပြန်ထားတဲ့ ကြားဖြတ် အစီအရင်ခံစာပါ အချက်တွေကို အကောင်အထည် ဖော်နေတဲ့ အခြေအနေတွေ ကိုလည်း အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေက ရှင်းလင်း တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

ဒီ အစည်းအဝေးမှာ တပ်မတော်ရဲ့ ဒုတိယ ရာထူး အကြီးဆုံး ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းလည်း ရှိနေခဲ့ပြီး မောင်တောဒေသတွင်း လုံခြုံရေး အစီအစဉ်တွေကို ပြောခဲ့တယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။