သတင်းသမားတွေကို ဓာတ်ပုံရိုက်လို့ အမှုဖွင့်

  • 1 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် M MOE A
Image caption အမှုရုံးချိန်းမှာ သတင်းသွားယူတဲ့ သတင်းသမားတွေ ကို ဓာတ်ပုံမှတ်တမ်း ယူ

The Voice အယ်ဒီတာချုပ် အမှုရုံးချိန်းမှာ သတင်းသွား ယူခဲ့တဲ့ သတင်းသမားတွေ ကို ဓာတ်ပုံမှတ်တမ်း ယူခဲ့တဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဆိုသူ တဦးကို မြန်မာသတင်းသမား များ ကာကွယ်ရေး ကော်မတီ က သောကြာနေ့က ဗဟန်းရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။

တပ်မတော်ကို ပြောင်လှောင်တဲ့ သရော်စာ ဖော်ပြမှုအတွက် ပုဒ်မ ၆၆(ဃ)နဲ့ အဖမ်းခံထားရတဲ့ ဦးကျော်မင်းဆွေရဲ့ အမှုရုံးချိန်းကို သတင်း မီဒီယာတွေက သွားသတင်း ယူခဲ့ကြတာပါ။

ဒီလိုသတင်းယူ နေတုန်း ရန်ကုန်တိုင်းစစ်ဌာနချုပ်က တပ်ကြပ် စိုးမြင့်အောင်က တဦးချင်း လိုက်လံ ဓာတ်ပုံရိုက်တာကြောင့် သတင်းသမားကာကွယ်ကော်မတီ (PCMJ) က အမှုဖွင့်ခဲ့ပါတယ်။

တရားရုံးရှေ့မှာ ဦးကျော်မင်းဆွေရဲ့ ရှေ့နေ ဦးခင်မောင်မြင့်ကို အင်တာဗျူးနေတုန်း သတင်းသမား တဦးချင်းစီကို ရှုထောင့်ပေါင်းစုံ ကနေ ဓာတ်ပုံတွေ ရိုက်ပါတယ်။

ဒီလို ဆောင်ရွက်တာဟာ အထက်ကခိုင်းတာကြောင့်လို့ ဆိုပါတယ်။

ဒီလိုလုပ်တာဟာ သတင်းသမားတွေရဲ့လုံခြုံမှုနဲ့သတင်း လွတ်လပ်ခွင့်ကို ထိခိုက်တယ် ဆိုပြီး မြန်မာ သတင်းသမားများ ကာကွယ်ရေး ကော်မတီ ကိုယ်စား ကိုရဲလင်းထွန်းက တရားလို လုပ်ပြီး အမှုဖွင့် လိုက်တာပါ။

တပ်မတော်ဘက်က တရားစွဲဆို ထားတဲ့ အပေါ် အမှုရင်ဆိုင်နေရတဲ့ The Voice အယ်ဒီတာချုပ် ရဲ့ရုံးချိန်းမှာ ရန်ကုန်တိုင်း စစ်ဌာနချုပ်က အခုလိုလုပ်တာဟာ သတင်းသမားတွေ အပေါ် စောင့်ကြည့်နေတယ် ဆိုတာ သိသာထင်ရှားစေတယ် လို့လည်း သတင်းထောက် တဦးဖြစ်သူ ကိုမိုးမြင့်က ပြောပါတယ်။

PCMJ အနေနဲ့ ၂ဝ၁၇ ခုနှစ် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေအရ အမှုဖွင့်လိုက်တာဖြစ်ပြီး ဗဟန်းရဲစခန်းက ဒါကို ကနဦးတိုင်ချက် အနေ နဲ့လက်ခံထားပြီး တရားစွဲဆိုနိုင်ခြင်းရှိမရှိ ကိုတော့ ရက် ၃၀ အတွင်း အကြောင်းပြန်သွားမယ်လို့သိရ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ