အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သစ်ထဲ ဘယ်သူတွေ ပါလာမလဲ

  • 1 ဇူလိုင် 2017
Image caption လာဘ်ပေးလာဘ်ယူမှုတွေ အများဆုံး ဆက်လက် ရှိနေတယ်လို့ သံသယ ရှိရ တဲ့ နေရာထဲ တရားရေး ဌာန ပါဝင်

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အဖွဲ့ ကို ပြင်ဆင် ဖွဲ့စည်း နိုင်ဖို့ အတွက် ဥပဒေပိုင်း ဆိုင်ရာ ပြင်ဆင်ရေး တွေ အမျိုးသား လွှတ်တော်ထဲ လုပ်ဆောင် လာပါတယ်။

ရှိလက်စ ဥပဒေထဲ ကော်မရှင်ဝင်တွေ အသက် ၇ဝ မကျော် စေရ ဆိုတဲ့ ကန့်သတ်ချက်ကို ပယ်ဖျက်ဖို့ တင်သွင်း ခဲ့တယ် ဆိုပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦး ဇော်မင်းက ဘီဘီစီကို ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တန်း ခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးဝင်းထိန်နဲ့ ဦးဉာဏ်ဝင်းတို့ကို နာမည်နဲ့တကွ ရည်ညွှန်းလို့ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေ အသက် ၇ဝ ကျော် ဖြစ်နေပေမယ့်လည်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထဲ ပါဝင် လာနိုင်ရင် အကျိုးရှိနိုင်တဲ့ အတွက် အသက် ကန့်သတ်ချက်ကို ပယ်ဖျက်ဖို့ လုပ်ဆောင်တာ ဖြစ်တယ် ဆိုပြီး ဦးဇော်မင်းက ပြောပါတယ်။

အရင် အစိုးရလက်ထက် ဖွဲ့စည်းထားတဲ့ ကော်မရှင် အသီးသီးဟာ တာဝန်တွေကို ထိရောက်အောင် မဆောင်ရွက် နိုင်ဘူး ဆိုပြီးတော့လည်း ဦးဇော်မင်းက ဝေဖန်ပါတယ်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေးမှာ လက်ရှိ ကော်မရှင်ရဲ့ ဆောင်ရွက်ပုံ နှောင့်နှေးတဲ့ အတွက် သံသယ ရှိသူတွေကို အရေးမယူ နိုင်တဲ့ အပြင် ထွက်ပြေး လွတ်မြောက်ကုန် ကြတယ် ဆိုပြီး ဦးဇော်မင်းက ဆိုပါတယ်။

လာဘ်ပေးလာဘ်ယူမှုတွေ အများဆုံး ဆက်လက် ရှိနေတယ်လို့ သံသယ ရှိရ တဲ့ နေရာထဲ တရားရေး ဌာန ပါဝင်ပေမယ့် တရား စီရင်ရေး မဏ္ဍိုင်ကို ဥပဒေပြု အဖွဲ့အစည်းဖြစ်တဲ့ လွှတ်တော် ဘက်က ဝင်ရောက် စွက်ဖက် နိုင်ခွင့် မရှိဘူးလို့လည်း ဦးဇော်မင်းက ပြောပါတယ်။