ပြင်သစ်သမ္မတက ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ ချပြ

  • 4 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption လွှတ်တော် နှစ်ရပ်ပေါင်း အစည်းအဝေးကို သမိုင်းဝင် Versailles နန်းတော်မှာ သမ္မတ မက်ခွန် ခေါ်ယူ ကျင်းပခဲ့

ပြင်သစ်နိုင်ငံမှာ သမ္မတသစ် Emmanuel Macron က အစိုးရအဖွဲ့တခုလုံးကို အကြီးအကျယ် ပြင်ဆင် ဖွဲ့စည်းဖို့ အဆိုပြုလိုက်ပါတယ်။

ပါလီမန် အမတ် အရေအတွက်ကို ၃ပုံ ၁ပုံ လျှော့ချဖို့ စီစဉ်ထားတယ်လို့ သမ္မတ မက်ခွန်က သမိုင်းဝင် Versailles နန်းတော်မှာ ကျင်းပ ပြုလုပ်တဲ့ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် ပူးတွဲ အစည်းအဝေးမှာ ပြောသွားပါတယ်။

အဲဒီလို လုပ်ခြင်းအားဖြင့် ပို စွမ်းဆောင်နိုင်တဲ့ အစိုးရအဖွဲ့ တဖွဲ့ ဖြစ်လာပြီး ပြင်သစ်နိုင်ငံကို လမ်းကြောင်းသစ်တခုဆီ ပို့ဆောင်နိုင်မယ်လို့ သမ္မတ မက်ခွန်က ပြောသွားပါတယ်။

နိုင်ငံရေးပါတီတွေကို ပိုအချိုးကျကျ ကိုယ်စားပြုခွင့်တွေ ပေးနိုင်ဖို့နဲ့ အစိုးရအဆင့်မှာ ဆန္ဒသဘောထားထုတ်ဖော်မှုတွေ ပိုများများကြားနိုင်ဖို့အတွက် ရွေးကောက်ပွဲစနစ်ကိုလည်း ပြင်ဆင်ရေးဆွဲမယ်လို့ ဆိုပါတယ်။

ဥရောပ သမဂ္ဂဟာလည်း လမ်းစပျောက်နေပြီ ဖြစ်တဲ့အတွက် မျိုးဆက်သစ် ခေါင်းဆောင်တွေ အစားထိုး ဖြေရှင်းဖို့ လိုတယ်လို့ ပြောသွားပါတယ်။

တခါ ပြင်သစ်နိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်အပြီး ၂၀၁၅ခုနှစ်က ပြဌာန်းထားတဲ့ အရေးပေါ် အမိန့်ကိုလည်း သက်တမ်း ပြီးဆုံးမယ့် အောက်တိုဘာလကုန် မတိုင်ခင် ဖျက်သိမ်းမယ်လို့ သမ္မတ မက်ခွန်က ထုတ်ဖော် ပြောသွားပါတယ်။

သမ္မတ မက်ခွန်ရဲ့ အဆိုပြုချက်အရ အောက်လွှတ်တော် အမတ် အရေအတွက်ကို ၅၇၇ဦးကနေ ၃၈၅ဦးကို လျှော့ချမှာ ဖြစ်ပြီး အထက်လွှတ်တော် အမတ် အရေအတွက်ကိုလည်း ၃၄၈ဦးကနေ ၂၃၂ဦးအထိ လျှော့ချမှာ ဖြစ်ပါတယ်။

ပါလီမန် လွှတ်တော် အရွယ်အစား ပိုသေးရင် အလျှော့အတင်း ပိုလုပ်နိုင်ပြီး ပိုထိထိရောက်ရောက် ဆောင်ရွက်နိုင်စွမ်း ရှိမယ်လို့ သမ္မတ မက်ခွန်က ပြောပါတယ်။

ဒီအဆိုပြုချက်တွေကို အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ခုစလုံးက တနှစ်အတွင်း အတည်ပြုမပေးဘူး ဆိုရင် လူထုဆန္ဒခံယူပွဲ ခေါ်ယူ ကျင်းပမယ်လို့ ဆိုပါတယ်။

ဒီလွှတ်တော်နှစ်ရပ် ပူးတွဲအစည်းအဝေးကို Jean Melenchon ရဲ့ လက်ဝဲစွန်း France Unbowed ပါတီ အပါအဝင် နိုင်ငံရေး ပါတီ ၃ပါတီက မတက်ပဲ သပိတ်မှောက်ခဲ့ကြပြီး သမ္မတ မက်ခွန်ဟာ ဖါရိုးဘုရင်လို ကျင့်ကြံနေတယ် ဆိုပြီး Jean Melenchon က ဝေဖန်ပြောခဲ့ပါတယ်။

သမ္မတ မက်ခွန်ကတော့ သူ့အရင် သမ္မတတွေဟာ ပေါ်လစီမူဝါဒ အသေးစိတ် ဝင်စွက်လွန်းတဲ့အတွက် ကြောင့် သော်လည်းကောင်း ဒါမှမဟုတ် မီဒီယာတွေရဲ့ အလိုအတိုင်း လိုက်လျောလေ့ ရှိတဲ့အတွက်ကြောင့်သော်လည်းကောင်း သမ္မတရာထူး အရှိန်အဝါ မှေးမှိန်လျော့ကျသွားတယ်လို့ ယူဆနေပြီး ဒါကို ပြင်ဖို့ ဆန္ဒရှိနေတာပါ။

ဒါပေမယ့် သမ္မတ မက်ခွန်ကိုယ်တိုင်က ဘ၀င်မြင့်နေပုံရတယ်လို့ အကဲခတ်တွေရဲ့ ဝေဖန်မှုတွေ ထွက်ပေါ်နေကြကြောင်း ဘီဘီစီ သတင်းထောက် Hugh Schofield က သုံးသပ် တင်ပြထားပါတယ်။