ဘာသာရေးဆိုင်ရာ ထုတ်ဝေမှု အားလုံး သာသနာရေးက စိစစ်ပြီးမှ ခွင့်ပြုမယ်

  • 4 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် MOI
Image caption နိုင်ငံတော် သံဃ မဟာနာယက ဆရာတော်ကြီးများ အစည်းအဝေး

ဘာသာရေး ဆိုင်ရာ စာအုပ်၊ စီဒီ အပါဝင် ထုတ်ဝေမှု အားလုံးကို သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက စိစစ်ပြီးမှ ထုတ်ဝေခွင့် ပြုတော့မှာ ဖြစ်ပါတယ်။

ဘာသာရေး စာပေတွေက ပိဋကတ် ကျန်းဂန်နဲ့ မညီညွတ်ရင် အဓမ္မဝါဒ လွှမ်းမိုး လာမယ်၊ ထေရဝါဒ ပိဋကတ်တော်နဲ့ မညီတဲ့ ကိစ္စတွေက အဓမ္မ ဝါဒ တွေ ဖြစ်ပြီး အန္တရာယ် ကြီးတဲ့ အတွက် အဆိပ်အတောက် တွေကို ဖယ်ရှားနိုင်ဖို့ ဘာသာရေး စာပေတွေ အားလုံးကို စိစစ်ပြီးမှ ထုတ်ဝေခွင့် ပြုမယ်လို့ ဒုတိယ အတွင်းဝန် ဦးဇာနည်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ဘာသာရေးဆိုင်ရာ ထုတ်ဝေမှုတွေ ဆိုတဲ့ ထဲမှာ ဗုဒ္ဓဘာသာ တခုတည်းသာ မဟုတ်ဘဲ ကျန်တဲ့ ဘာသာ တွေပါ အကျုံးဝင်ပြီး အားလုံးကို စိစစ် သွားမယ်လို့ လည်း သူက ပြောပါတယ်။

လက်ရှိ စာပေစိစစ်ရေး အဖွဲ့ကပဲ စိစစ်သွားမှာ ဖြစ်ပြီး တခြား ဘာသာတွေ အတွက်ကိုတော့ စိစစ်ရေး အဖွဲ့က မသဲကွဲတဲ့ အခါ သက်ဆိုင်ရာ ဘာသာ ရေးအဖွဲ့ အစည်း တွေရဲ့ သဘောထား ရယူပြီး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ပိဋကတ် ကျမ်းတော်နဲ့ မညီဘဲ အဓမ္မ ဆန်ဆန် ရေးသား ထုတ်ဝေတာဟာ အတွေးအခေါ်တွေကို အဆိပ် အတောက် ဖြစ်ပြီး အန္တရာယ်လည်း ရှိလာနိုင်တဲ့ အတွက် ထုတ်/တင်(ထုတ်ဝေပြီးမှ စိစစ်ရေးကိုတင်တဲ့) စနစ် ကနေ အခုလို တင်/ထုတ် စနစ်ကို ပြန်ပြောင်း ရတာလို့ ဦးဇာနည်ဝင်းက ပြောပါတယ်။

ဘာသာရေး ဆိုင်ရာ ထုတ်ဝေမှု တွေကို ပြန်လည် ကိုင်တွယ်ဖို့ ဆိုတဲ့ အဲဒီဆုံးဖြတ်ချက်ကို ဇူလိုင်လ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ သတ္တမအကြိမ် နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ (မဟန) ၄၇ ပါးစုံညီ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။