မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို ၃ နိုင်ငံ အတွက် ကမ္ဘာ့ဘဏ် ညွှန်ကြားရေးမှုး ခန့်

  • 4 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် WORLD BANK GROUP
Image caption လူတိုင်း ပါဝင်နိုင်တဲ့ ဖွံ့ဖြိုး ရေး

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ ထဲ ပြုလုပ် နေတဲ့ သူတို့ရဲ့ စီမံကိန်းတွေကို ပိုပြီး ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး ရန်ကုန် အခြေစိုက် ညွှန်ကြားရေးမှုး အဆင့်ထိ ထားရှိ လာပါတယ်။

အသစ်ခန့်လိုက်တဲ့ မစ္စ အယ်လင် ဂိုးစတိန်းဟာ ရန်ကုန်မှာ ရုံးထိုင်ပြီး မြန်မာ နိုင်ငံ အတွက်သာမက၊ ကမ္ဘောဒီးယားနဲ့ လာအို နိုင်ငံ တွေ အတွက်ပါ ပူးတွဲ တာဝန် ယူသွားမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ စီမံကိန်းတွေဟာ ဆင်းရဲ နွမ်းပါးသူတွေရဲ့ ဘဝ အပြောင်းအလဲ ဖြစ်စေဖို့နဲ့ လူတိုင်း ပါဝင်နိုင်တဲ့ ဖွံ့ဖြိုး တိုးတက်မှု ဖော်ဆောင်ပေးဖို့ အဓိက ရည်မှန်း ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ့ နိုင်ငံရေး အပြောင်းအလဲ စတင် ရှိလာတဲ့ ၂ဝ၁၂ ခုနှစ် နောက်ပိုင်းကစလို့ ကမ္ဘာ့ဘဏ် အနေနဲ့ မြန်မာ နိုင်ငံနဲ့ကြား ဆက်ဆံရေး ပြန်လည် ထားရှိ လာတာ ဖြစ်ပါတယ်။

အခု လက်ရှိ အချိန် မြန်မာ နိုင်ငံထဲ ကမ္ဘာ့ဘဏ် အစီအစဉ်နဲ့ ဖော်ဆောင် နေတဲ့ စီမံကိန်း ၁၃ ခု ရှိပြီး၊ ငွေကြေး ပမာဏ အားဖြင့် အမေရိကန် ဒေါ်လာ သန်း ၂ ထောင် နီးပါး ဖိုး အကူအညီ ပေးနေပါတယ်။

ဌာနေကိုယ်စားလှယ် အဖြစ် ကန်းထရီး မန်နေဂျာ ထားရှိရာက အခုလို ညွှန်ကြားရေးမှုး ခန့်လိုက်တဲ့ အတွက် စီမံကိန်းတွေကို ပိုပြီး နက်နက်ရှိုင်းရှိုင်းနဲ့ အရှိန်မြှင့် ဆောင်ရွက် သွားနိုင်လိမ့်မယ် ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ရုံးရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနမှူး ဦးကျော်စိုးလင်းက ဘီဘီစီကို ပြောပါတယ်။