အင်ဒိုနီးရှားက ရိုဟင်ဂျာတွေကို ခေါ်ယူမယ့် တတိယနိုင်ငံ မရှိ ဖြစ်နေ

  • 4 ဇူလိုင် 2017
Image caption ဆူမားတြားမြောက်ပိုင်း ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်

ရခိုင်ပြည်နယ်တွင်း ၂၀၁၂ ပဋိပက္ခ ကြောင့် လှေစီး ထွက်ပြေး ခဲ့ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ရာနဲ့ချီပြီး အင်ဒိုနီးရှား နိုင်ငံ၊ ဆူလာဝေဆီ ကျွန်းမှာ အခုအချိန်ထိ သောင်တင် နေကြဆဲ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အစီအစဉ်နဲ့ အဲဒီမှာ နေထိုင် နေကြပြီး၊ သူတို့ကို ခေါ်ယူမယ့် တတိယ နိုင်ငံ မရှိ ဖြစ်နေတယ်လို့ အဲဒီမှာ ရောက်နေတဲ့ ဒုက္ခသည် တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ရောက်လာကြသူ အယောက် ၄ဝဝ ဝန်းကျင်ထဲက ထက်ဝက် လောက်ကတော့ မလေးရှား ဘက် ကူးသွား ခဲ့ကြတယ် ဆိုပြီး ဒုက္ခသည် ကိုအောင်နိုင်ဝင်းက ဆိုပါတယ်။

ကျန် ခဲ့တဲ့ သူတွေထဲ ကျောင်းနေ အရွယ် အယောက် ၄ဝ ဝန်းကျင် လောက် ရှိပြီး ပညာသင်ယူခွင့် ဆုံးရှုံး နေရတယ်လို့လည်း သူကပြောပါတယ်။

ကုလသမဂ္ဂ အစီအစဉ်နဲ့ နေထိုင် နေရတာ ဖြစ်ပေမယ့် အင်ဒိုနီးရှား ရဲနဲ့ လဝက တို့ရဲ့ ရန်ရှာမှု၊ အချုပ်ချမှုတွေ ခံရတာမျိုး ရှိတယ်လို့ ကိုအောင်နိုင်ဝင်းက ပြောပါတယ်။

အလယ်သံကျော် ရွာကနေ ပွဲစား အကူအညီနဲ့ ပင်လယ်ဖြတ်ကူး ထွက်လာတဲ့ ကိုအောင်နိုင်ဝင်းရဲ့ ပြောပြချက် အရ သူ လိုက်ပါခဲ့တဲ့ လှေပေါ် ရိုဟင်ဂျာ အယောက် ၂ဝဝ ဝန်းကျင် လိုက်ပါခဲ့ကြပြီး၊ ၁၂ ရက် ကျော် ကြာခဲ့တဲ့ လမ်းခရီးမှာ လူ နှစ်ယောက် သေဆုံး ခဲ့ရတယ်လို့ ဆိုပါတယ်။