ထိုင်းနိုင်ငံရောက် အလုပ်သမားတွေ တရားဝင် အလုပ်လုပ်နိုင်အောင် စီစဉ်ပေးမယ်လို့ ကတိပြု

  • 5 ဇူလိုင် 2017
Image caption ထိုင်းဥပဒေသစ်ကြောင့် မြန်မာအလုပ်သမားတွေ အိမ်ပြန်

ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေကို ဖမ်းဆီးဖို့ ထိုင်းနိုင်ငံက ဥပဒေသစ်ပြဋ္ဌာန်းခဲ့ ပါတယ်။ အဲသလို ဥပဒေသစ် ပြဋ္ဌာန်းပြီးနောက် အလုပ်သမားအများအပြား မြန်မာနိုင်ငံကို ပြန်လာခဲ့ကြရမှာ အခုအထိ ပြန်လာသူ အလုပ်သမား အရေအတွက်ဟာ စုစုပေါင်း ၃ သောင်း ၂ ထောင်အထိ ရှိသွားပြီလို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

အခုတော့ ထိုင်းအစိုးရနဲ့ မြန်မာအစိုးရတို့ညှိနှိုင်းပြီး အဲဒီဥပဒေကို ၂၀၁၇ခုနှစ် နှစ်ကုန်ပိုင်းအထိ ဆိုင်းငံ့ထားဖို့ သဘောတူခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကိုပြန်လာနေတဲ့အလုပ်သမားတွေကိစ္စနဲ့ပတ်သက်ပြီး ဒီကနေ့နေပြည်တော် မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာ အခုလို ပြောခဲ့တာဖြစ်ပါတယ်။

ဆိုင်းငံ့ထားတဲ့ကာလ အတွင်းမှာ အလုပ်သမားတွေ အတွက် အဆင်ပြေအောင် ဘာတွေလုပ်ပေးမှာပါလဲလို့ သတင်းသမားတွေက မေးမြန်းရာမှာတော့ အလုပ်သမားတွေ အတွက် တရားဝင်ဖြစ်သွားအောင် စီစဉ်ပေးမယ်လို့ ဝန်ကြီးဦးသိန်းဆွေက ပြောပါတယ်။

တရားဝင် အလုပ်လုပ်နိုင်အောင် နိုင်ငံသား သက်သေခံလက်မှတ်၊ နိုင်ငံကူးလက်မှတ်သက်တမ်းတိုး၊ ဗီဇာသက်တမ်းတိုးလုပ်ငန်းတွေကို အလုပ်သမားတွေရှိတဲ့နေရာတွေမှာ သွားရောက်ပြီး မိုဘိုင်းစနစ်နဲ့ လုပ်ကိုင် ဆောင်ရွက်ပေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။