ရခိုင်မှာ အသိုင်းအဝိုင်းနှစ်ခုကြား သင့်မြတ်ရေး စုံစမ်းရေးကော်မရှင် အကြံပြု

  • 5 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption အသိုင်းအဝိုင်းနှစ်ခုကြား အလှမ်းဝေးနေဆဲလို့ စုံစမ်းရေးကော်မရှင်ဆို

မကြာခင်ရက်ပိုင်းအတွင်း ထုတ်ပြန်မယ့် ရခိုင် အရေး စုံစမ်းရေး ကော်မရှင် အစီရင်ခံစာမှာ တရားဥပဒေ စိုးမိုးရေး၊ လူသားချင်း စာနာမှု အခြေအနေ၊ လူ့အခွင့်အရေး ကိစ္စတွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေကို လေ့လာဆန်းစစ်ပြီး အနာဂတ်မှာ လုပ်ဆောင် သင့်တာတွေကို သုံးသပ် အကြံပြုထားတယ်လို့ ကော်မရှင် အတွင်းရေးမှူး ဦးဇော်မြင့်ဖေက ပြောပါတယ်။

ရခိုင်ဒေသမှာ အသိုင်း အဝိုင်းနှစ်ခုက အလှမ်းဝေးနေကြပြီး သီးခြားစီ ဖြစ်နေတဲ့ အတွက် ပေါင်းစည်း ရေးမှာ အခက်အခဲတွေ ဖြစ်နေတာကြောင့် ဒါတွေကို ကိုင်တွယ် ဖြေရှင်းရာမှာ လုံခြုံရေး နည်းလမ်းအရ ဖြေရှင်း သလို ဆင်းရဲ မွဲတေမှု အတိုင်းအတာ ကြီးမားလွန်းတဲ့ မောင်တော ဒေသမှာ စီးပွားရေး၊လူမှုရေး၊ ပညာရေးနဲ့ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး အခြေ အနေတွေ လက်တွေ့ တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ပေးဖို့ လိုတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် နှစ်ဖက် အသိုင်းအဝိုင်း ပေါင်းစည်း နိုင်ရေးမှာ မွတ်ဆလင်နဲ့ ရခိုင် ဒေသက တိုင်းရင်းသားတွေ နှစ်ဖက် စလုံးက ခေါင်းဆောင်တွေ နားလည် သဘောပေါက်ပြီး အစွန်းရောက်တဲ့ ပြောဆိုမှုတွေကို ရှောင်ဖို့နဲ့ အတွေးသစ် အမြင်သစ် တွေနဲ့ လုပ်ဆောင်ကြဖို့ လိုတယ်လို့ ဦးဇော်မြင့်ဖေက ပြောပါတယ်။

ရခိုင်ပြည်နယ်ရဲ့ အကျိုး စီးပွားကို ရေရှည် ကြည့်ပြီး နှစ်ဖက် နိုင်ငံရေး သမားတွေ ကလည်း အပြောအဆို ဆင်ခြင် သင့်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်ဖို့ သင်တန်းပေးတဲ့ နေရာ၊ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ဆက်စပ် နေတယ် ဆိုသူတွေကို မကြာခင်ကာလတွေ အတွင်း ဖမ်းဆီးမိတာတွေ ရှိနေတဲ့ အတွက် အဲဒါတွေက ပြည်ပ အကြမ်းဖက် အဖွဲ့ အစည်းတွေနဲ့ ဆက်စပ်တဲ့ သဘောလား ဆိုတာနဲ့ပတ်သက်လို့တော့ လောလောဆယ် သူတို့ ကော်မရှင်ရဲ့ လေ့လာစုံစမ်းမှုတွေ အရ ဒါမျိုး မတွေ့ရသေးဘူးလို့ ဦးဇော်မြင့်ဖေက ပြောပါတယ်။