တောင်ကြီး NLD အလုပ်အမှုဆောင်တွေ နားခံရ

  • 6 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် NYEIN CHAN NAING
Image caption ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီ

ရှမ်းပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ အပါဝင် ပါတီ ခေါင်းဆောင် ၄ ဦး ထုတ်ပယ်ခံရပြီးနောက် ၉ လအကြာမှာ တောင်ကြီးမြို့နယ် NLD ရဲ့ အလုပ်အမှုဆောင် ၁၄ ဦးလည်း တာဝန်က အနားပေး ခံရ ပါတယ်။

ဇူလိုင်လ ၁ ရက် ရက်စွဲနဲ့ NLD ပါတီရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်ရဲ့ လက်မှတ်နဲ့ ထုတ်ပြန်တဲ့ တောင်ကြီး အလုပ်အမှုဆောင် ၁၄ ဦးကို တာဝန်က အနားပေးကြောင်း စာမှာ တချို့က ထွက်စာ တင်ထားပြီး တချို့တွေက သူတို့ရဲ့ မြို့နယ်ရုံးတွေမှာ လာရောက် ပူးပေါင်းဆောင်ရွက်တာ မရှိတော့တဲ့အတွက် အလုပ်အမှုဆောင် အဖြစ် သတ်မှတ်နိုင်ခြင်း မရှိတော့ဘူးလို့ ဖော်ပြပါတယ်။

၂၀၁၆ စက်တင်ဘာ ကတည်းက ထွက်စာ တင်ထားတဲ့ မြို့နယ် ဥက္ကဋ္ဌ ခွန်သန်းလွင်၊ ဦးဇော်ဝင်းထူးတို့ နုတ်ထွက်တယ် ကြေညာပြီး နောက်ပိုင်းမှာ ရာထူးတွေမှာ ဆက်လက်ရှိနေတာကြောင့် ပါတီဝင်တွေကို စိတ်ဝမ်းကွဲမှု ဖြစ်စေခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

ဓာတ်ပုံ မူပိုင် NYEIN CHAN NAING
Image caption NLD အစည်းအဝေး တက်လာသူတွေ

ကြိုတင် သတိပေးခဲ့

ဇူလိုင်လ ၅ ရက်က အကြောင်းကြားစာကို ရရှိခဲ့တာဖြစ်ပြီး ကြိုတင် သတိပေးခံရမှုတွေ မရှိခဲ့ဘူးလို့ ထုတ်ပယ်ခံရသူတွေက ပြောပါတယ်။

ထုတ်ပယ်စာထဲမှာ နုတ်ထွက်စာ တင်ထားသူလို့ ဖော်ပြခံရတဲ့ ပါတီ မြို့နယ်အတွင်းရေးမှူး ဦးဇော်ဝင်းထူးကတော့ ၂၀၁၆ တုန်းက ထွက်စာတင်ဖူးတာ မှန်ပေမယ့် ခရိုင်က ပယ်ချထားတာကြောင့် ပါတီရဲ့ လှုပ်ရှားမှုတွေမှာ ဆက်လက် ပါဝင်နေခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ သံသယဖြစ်မိတယ်လို့လည်း ဦးဇော်ဝင်းထူးက ပြောပါတယ်။

ထုတ်ပယ်ခံရတဲ့ တောင်ကြီးရဲ့ ဒုတိယ ဥက္ကဋ္ဌ ဒေါ်ပန်းမြဉ္ဇူ ကတော့ ပါတီတာဝန်နဲ့ ဥပဒေ အထောက်ကူပြု တာဝန် နှစ်ရပ်ယူနေရတဲ့ အတွက် ၂၀၁၃ ကတည်းက ပါတီ ဒုတိယ ဥက္ကဋ္ဌ ရာထူးကနေ နထွက်ဖို့ တင်ပြခဲ့ပေမယ့် ပါတီဘက်က ပယ်ချခဲ့ပြီး အခုမှ ထုတ်ပယ်တဲ့အတွက် အံ့အားသင့်မိတယ်လို့ ပြောပါတယ်။

သူ့အနေနဲ့ ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲကာလအထိ ပါတီ လှုပ်ရှားမှုတွေမှာ ဆက်လက်ပါဝင်နေခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

တာဝန်က အနားပေး ခံရသူ ၁၄ ဦးထဲက အချို့ဟာ ယမန်နှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ ရှမ်းပြည် NLD ရဲ့ ထိပ်သီးခေါင်းဆောင်တွေ ထုတ်ပယ်ခံရမှုတုန်းက ထုတ်ပယ်ခံရသူတွေဘက်က ရပ်တည်ခဲ့သူတွေဖြစ်ပါတယ်။

ဒါ့အပြင် လယ်ယာမြေအငြင်းပွားမှု ပြဿနာတွေအပြင် ဒေသခံအခွင့်အရေးနဲ့ ပတ်သက်လို့ နစ်နာသူတွေဘက်က လိုက်ပါ ဆောင်ရွက်မှုအချို့လည်း ရှိတယ်လို့ တောင်ကြီးဒေသခံ တွေက ဘီဘီစီကို ပြောပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ NLD ဗဟိုရဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင် တချို့ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီက မိုင်းရှူးမြို့နယ်မှာလည်း မြို့နယ်အလုပ်အမှုဆောင် တဦးဟာ တာဝန်က နုတ်ထွက်ပြီး ဒေသတွင်း အခြေစိုက်တဲ့ ရှမ်းပါတီ SNLD နဲ့ ပူးပေါင်းခဲ့ပါတယ်။

၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်တွေအရ ရှမ်းပြည်နယ်မှာ NLD အနေနဲ့ မဲဆန္ဒနယ် ၈ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ညောင်ရွှေမြို့နယ် ၁ နေရာသာ အနိုင်ရရှိခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ