လူသတ်မှု အဖြစ်ပြောင်းလိုက်တဲ့ တာမွေ ဒုဦးစီးမှူးသေဆုံးမှု

  • 6 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် TAMWE Police Facebook
Image caption လူသတ်မှု အဖြစ်ပြောင်းလဲ သတ်မှတ်ပြီး အရေးယူ ဆောင်ရွက်သွားမယ်လို့ တာမွေရဲစခန်းပြော

တာမွေ မြို့နယ်မှာ ဆွဲကြိုးချ သေဆုံးခဲ့တယ် ဆိုတဲ့ မြို့နယ် အထွေထွေ အုပ်ချုပ် ရေးမှူးရုံးက ဒုတိယ ဦးစီးမှူးရဲ့အမှုကို ၃ လ အကြာမှာ လူသတ်မှု အဖြစ် ပြောင်းလဲ အမှုဖွင့် လိုက်ပါတယ်။

မတ်လ ၁၅ ရက်နေ့က ဝန်ထမ်း အိမ်ရာမှာ သေဆုံးခဲ့သူ ဒုတိယ ဦးစီးမှူး ဦးနေမျိုးဆွေဟာ ရှေ့နေဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုမှာ ပါဝင် ပတ်သက်တယ်လို့ ရဲက စွပ်စွဲပြီး ဖမ်းဆီးထားတဲ့ ဇေယျာဖြိုးရဲ့ အမှုနဲ့ ပတ်သက်တဲ့ သက်သေခံ ပစ္စည်းတွေကို ထိန်းသိမ်းသူ ဖြစ်ပါတယ်။

သူ့ရဲ့ မိခင်နဲ့ အစ်မတို့က ရရှိတဲ့ ဆေးစစ်ချက် အရ ဦးနေမျိုးဆွေရဲ့ ဦးခေါင်း၊ မျက်နှာနဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ ရှိနေကြောင်း ဖော်ပြ ထားတဲ့ ဆေးစာပေါ် အခြေခံပြီး မူလ သတ်မှတ်ထားတဲ့ သေမှု သေခင်းကနေ လူသတ်မှု အဖြစ် ပြောင်းလဲဖို့ တာမွေ ရဲစခန်းမှာ အမှုဖွင့်ခဲ့ရာမှာ ရဲစခန်းက လက်ခံလိုက်တာ ဖြစ်ကြောင်း ဦးလှသိန်းက ပြောပါတယ်။

အမှုဖွင့်ထားတဲ့ ပုဒ်မ တစ်ခုကို အကြောင်းမခိုင်လုံဘဲ နောက်တစ်ခုကို ပြောင်းလေ့မရှိတဲ့ အတွက် အခုလို ပြောင်းလဲလိုက်ပြီးနောက်မှာ ရဲတပ်ဖွဲ့ အနေနဲ့ အမှုမှန်ပေါ်ပေါက်ဖို့ အစွမ်းကုန် ကြိုးစား ဆောင်ရွက် သွားမယ်လို့ ရဲစခန်းက မိသားစုကို ပြောကြောင်းလည်း သူက ပြန်ပြောပါတယ်။

ဦးနေမျိုးဆွေ ကြိုးတန်းလန်းနဲ့ သေဆုံးနေစဉ် ပုဆိုး ဝတ်ထားပုံဟာ သူပုံမှန် ဝတ်နေကျ ပုံစံမျိုး မဟုတ်ဘူးလို့ သေဆုံးပြီး မကြာခင်မှာ ဝန်ထမ်းအိမ်ရာကို သွားရောက်ခဲ့စဉ် ကတည်းက သူ့မိခင်နဲ့ အစ်မက ပြောတယ်လို့ ဦးလှသိန်းက ဆိုပါတယ်။