ကျောင်းသား သမဂ္ဂ အဆောက်အအုံ နေရာဟောင်းမှာ ဆောက်သွားမယ်

  • 6 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Sanooaung
Image caption ၁၉၆၂ ဇူလိုင် ၈ရက် အာရုံတက်မှာ ဖျက်ဆီး ခံခဲ့ရတဲ့ ကျောင်းသား သမဂ္ဂ အဆောက်အအုံ

၁၉၆၂ ဇူလိုင် ၇ ရက် အရေးအခင်းအပြီး ဖောက်ခွဲ ဖျက်ဆီး ခံခဲ့ရတဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဆောက်အဦ ပြန်လည် တည်ဆောက်ရေး အတွက် အစည်းအဝေးကို ဇူလိုင်လ ၃ ရက်က ရန်ကုန်တိုင်း အစိုးရရုံးမှာ ကျင်းပခဲ့ပါတယ်။

ပြည်နယ် အစိုးရရဲ့ ရံပုံငွေနဲ့ ဆောက်မှာ ဖြစ်ပြီး တိုင်းဒေသကြီး အစိုးရက ထည့်၀င်မှုတွေ ရှိပေမယ့် ကော်မတီဖွဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

အဲဒီ ဖြစ်မြောက်ရေး ကော်မတီမှာ သက်ဆိုင်ရာ အစုအဖွဲ့တွေ အားလုံးပါ၀င်ကာ ဖြစ်ချင်တာတွေ အဆိုပြုကာ ကျောင်းသား သမဂ္ဂ အဆောက်အအုံကြီး ပေါ်ပေါက်လာဖို့ အကောင်အထည် ဖော်သွားမှာ ဖြစ်တယ်လို့ ဒီအစည်းအဝေးကို တက်ခဲ့တဲ့ ပုဇွန်တောင် မြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးတင့်လွင် က ပြောပါတယ်။

ဆောက်တဲ့ အခါမှာလည်း အရင်သမဂ္ဂပုံစံ အတိုင်း ဆောက်မှာ ဖြစ်ပြီး အဲဒီ အဆောက်အအုံ နောက်မှာမှ ဘက်စုံသုံး ခန်းမ ပါ၀င်မှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ရန်ကုန်တိုင်း ၀န်ကြီးချုပ် အနေနဲ့ ဒီဘတ်ဂျက် နှစ်ထဲမှာ ဆောက်ဖို့ ရည်မှန်းထားပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနက အဆိုပြုထားတဲ့ ပုံစံ အရ ရှေ့က ကြည့်ရင် နဂို သမဂ္ဂ အဆောက်အအုံ အတိုင်း မြင်ရပြီး အဲဒီနောက်မှာ ပန်းခြံခြားကာ ကိုးထပ် အဆောက်အအုံ ဖြစ်တဲ့ ဘက်စုံသုံး ခန်းမ ပါရှိမှာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

အဲဒီ ဘက်စုံသုံး ခန်းမမှာ ပြတိုက် ၊ ခန်းမ ၊ စာကြည့်တိုက်တို့ ပါမယ်လို့လည်း သူက ပြောပါတယ်။

အစည်းအဝေးမှာ တက်ရောက်လာတဲ့ ဒေါက်တာ မင်းသိန်း တို့က ဆဲဗင်း ဇူလိုင် အထိမ်းအမှတ် အဖြစ် ဘက်စုံသုံး ခန်းမကို ခုနှစ်ထပ် ဆောက်ဖို့ အကြံပေးတာတွေလည်း ရှိခဲ့တာကြောင့် အဲဒီ အကြံပြုချက်တွေ အတိုင်း ခုနှစ်ထပ် ဆောက်သွားဖို့ သဘောတူခဲ့ကြတယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် Rangoon Heritage Trust ရဲ့ အကြံပြုချက် အရ ဒီနေရာဟာ သမိုင်း၀င် နေရာတခု ဖြစ်တာကြောင့် တူးဖော်ကြည့်သင့်တယ်လို့ အကြံပေးတာတွေ ရှိခဲ့ပြီး ဒါကို ဝန်ကြီးချုပ်က လက်ခံတယ်လို့ သိရပါတယ်။

ဒါကြောင့် အရင် ကျောင်းသား သမဂ္ဂ အဆောက်အအုံ ပုံစံအတိုင်း အုတ်ရိုးတွေ ချန်လို့ ရှေ့နောက် ရွေ့ကာ ဆောက်သွားမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ