ချင်းတွင်းမြစ်ဘေးက ရေဘေးဒဏ်ခံလူတွေကို ရွှေ့ပြောင်းပေးရ

  • 7 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Aung San Myint
Image caption ခန္တီးခရိုင်အတွင်း ချင်းတွင်းမြစ်ရေ မြင့်တက်နေ

စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်ကြောင်း တလျှောက်မှာရှိတဲ့ မော်လိုက် ဟုမ္မလင်း ခန္တီး စတဲ့မြို့တွေမှာ မြစ်ရေကြီးလာနေတဲ့ အတွက် ရေဘေးဒဏ်ခံရတဲ့ လူတွေကို ရွှေ့ပြောင်းနေရာ ချထားပေးနေရတယ်လို့ စစ်ကိုင်းတိုင်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနက ပြောပါတယ်။

ချင်းတွင်းမြစ်ရေ မြင့်တက်လာတာကြောင့် မြစ်ကြောင်းတလျှောက်မှာရှိတဲ့ ခန္တီး မော်လိုက် ဖောင်းပြင် စတဲ့မြို့တွေမှာ မြေနိမ့်ပိုင်းနေ ဒေသခံပြည်သူတွေကို ရေဘေးသတိပြုကြဖို့ အာဏာပိုင်တွေက နှိုးဆော်ထားပါတယ်။

အခုလက်ရှိ အနေအထားအရ ဟုမ္မလင်းဘက်မှာ စိုးရိမ်ရေမှတ်ကို ကျော်နေပီဖြစ်ပီလို့ ဟုမ်းမလင်း ပြည်သူ့လွှတ်တော် အမတ် ဦးမျိူးညွန့်က ပြောပြပါတယ်။

ဒီလို ရေကြီးမှုတွေကြောင့် ချင်းတွင်းမြစ်ကြောင်းတလျှောက် ပြေးဆွဲနေတဲ့ ရေယဉ် လိုင်းတချိူ့ကိုလည်း ရက်အနည်းအကြာ ရပ်နားထားမယ်လို့ ပုဂ္ဂလိက ရေယဉ်များစနစ်တကျ ပြေးဆွဲရေးကော်မတီက ပြောပါတယ်။

ဟုမ္မလင်း ခန္တီးစတဲ့မြို့တွေမှာတော့ ရေဘေးဒဏ်ခံ ဒေသခံတချိူ့ကို ရေလွတ်ရာကို ရွှေ့ပြောင်းပေးထား တယ်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာန ကပြောပါတယ်။

ခန္တီး၊ ဟုမ္မလင်း၊ မော်လိုက်၊ ဖောင်းပြင်နဲ့ မင်းကင်းမြို့တွေက စုစုပေါင်းလူဦးရေ နှစ်ထောင်ကျော်လောက်ကို ကယ်ဆယ်ရေး စခန်းတွေမှာ ရွှေ့ပြောင်းပေးထားတယ်လို့ ဆိုပါတယ်။ ဟုမ္မလင်းမှာ မြေနုကျွန်းပေါ်မှာ ရှိနေတဲ့ အိမ်တချို့ကို ဖျက်ပြီးတော့ ပြောင်းရွှေ့ ခဲ့ရတယ်လို့ သိရပါတယ်။ ရေကြီးတာကြောင့် ခန္တီးနဲ့ ဟုမ္မလင်းမှာ ကျောင်းတချို့ကိုလည်း ပိတ်ထားရပါတယ်။

ချင်းတွင်းမြစ်ရေ ခါတိုင်းနှစ်ထက် စောပီးမြင့်တက်လာတဲ့အတွက် နောက်ထပ်ရေကြီးမှုတွေ ရှိလာ နိုင်တယ်လို့ ခန့်မှန်းပီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ ဘီဘီစီက သတင်းရရှိပါတယ်။