လယ်သိမ်းခံတောင်သူတွေ မန္တလေးမှာ သပိတ်စခန်းဖွင့်

  • 7 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ဆန္ဒပြခွင့် ၇ ရက်သာ တင်ထားပေမယ့် အစိုးရဘက်က ညှိနှိုင်း ဖြေရှင်း မပေးမချင်း ရက်ရှည် သပိတ်စခန်း ဖွင့်သွားမယ်လို့ ဒီဆန္ဒပြတောင်သူတွေက ပြော

မန္တလေးတိုင်းအတွင်းက လယ်သိမ်းခံတောင်သူတွေ တရားစွဲဆို ဖမ်းဆီးခံနေရတာနဲ့ ပတ်သက်ပြီး မန္တလေးမြို့ ၂၄ လမ်းနဲ့ ၂၅ လမ်းကြားက နန်းရှေ့ ၆၂ လမ်းမကြီးဘေးမှာ ပြင်ဦးလွင်၊ ပုသိမ်ကြီး၊ စဉ့်ကူး၊ မြင်းခြံ၊ နွားထိုးကြီး အစရှိတဲ့ မြို့နယ် ၁၂ မြို့နယ်က တောင်သူ ၁၀ဝ ကျော်က သပိတ်စခန်းဖွင့်ပြီး ရက်ရှည် ဆန္ဒပြနေ ကြပါတယ်။

လယ်သိမ်းခံ တောင်သူတွေ အနေနဲ့ အစိုးရသစ်လက်ထက်မှာ ပိုပြီး ဖမ်းဆီး ဝရမ်းထုတ်ခံနေရတဲ့အတွက် ဒါတွေကို အစိုးရဘက်က ဖြေရှင်း မပေးမချင်း ရက်အကန့်အသတ်မရှိ သပိတ်စခန်းဖွင့်သွားမယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ကိုမောင်စိုးက ဘီဘီစီကို ပြောပါတယ်။

သိမ်းဆည်းခံ လယ်မြေတွေ ပြန်ရဖို့ ကြိုးစားရင်း ဖမ်းဆီးစွဲဆိုခံရတဲ့ အမှုတွေကို ရုတ်သိမ်းပေးဖို့ အပါအဝင် စီမံကိန်း မလုပ်ဖြစ်တဲ့ မြေတွေ ပြန်ရဖို့ကိုလည်း လာရောက် သပိတ်စခန်းဖွင့်ကြတဲ့ မြို့နယ်အသီးသီးက တောင်သူတွေက သပိတ်စခန်းမှာ ဆိုင်းဘုတ် ချိတ်ဆွဲ ပြသ ထားပါတယ်။

၁၉၉၇ ခုနှစ်ကတည်းက လယ်မြေတွေ အသိမ်းခံခဲ့ရတာကြောင့် မိသားစု စီးပွားရေးနဲ့ ပညာရေးအခက်အခဲတွေ ရှိခဲ့တဲ့အပြင် လက်ရှိအချိန်မှာ စားဝတ်နေရေး အကြပ်အတည်းတွေပါ ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရတဲ့အတွက် မိသားစုဝင်တွေကို ထုတ်ထားတဲ့ ဖမ်းဝရမ်းတွေကို ရုပ်သိမ်းပေးစေလိုကြောင်း ဆန္ဒပြတောင်သူတဦးဖြစ်တဲ့ ပြင်ဦးလွင်မြို့နယ် ပြင်စာက ဒေါ်မြင့်မြင့်ဝင်းက ဘီဘီစီကို ပြောပါတယ်။

အသိမ်းခံရတဲ့ လယ်မြေတွေကိစ္စကို အချိန်ယူ ဖြေရှင်းပေးနေပြီး ပြည်ထဲရေးက လယ်သမားတွေကို တရားစွဲတာမျိုးမရှိပဲ ဥပဒေမဲ့ လုပ်ရပ်တွေရှိရင်တော့ ဖမ်းဝရမ်းထုတ်တာ ရှိနိုင်တယ်လို့ မန္တလေးတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာ စိုးသန်းက ဘီဘီစီကို ပြောပါတယ်။

မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးဇော်မြင့်မောင်ကတော့ လယ်သိမ်းခံ တောင်သူတွေရဲ့ ကိစ္စကို ဗဟိုအစိုးရနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် ဖြေရှင်းပေးဖို့ အချိန်ယူရဦးမယ်လို့ အစိုးရ တနှစ်ပြည့် ရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

အခုလို သပိတ်စခန်းဖွင့်တဲ့ တောင်သူတွေဘက်က ဆန္ဒပြခွင့် ၇ ရက်သာ တင်ထားပေမယ့် အစိုးရဘက်က ညှိနှိုင်း ဖြေရှင်း မပေးမချင်း ရက်ရှည် သပိတ်စခန်း ဖွင့်သွားမယ်လို့ ဒီဆန္ဒပြတောင်သူတွေက ပြောပါတယ်။