ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး မြန်မာခရီးစဉ်အကြောင်း သတင်းစာရှင်း

  • 7 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စတာ Filippo Grandi ရဲ့ ခရီးစဉ်အတွင်း အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ရော ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ပါ တွေ့ဆုံ

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi ဟာ သူ့ရဲ့ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မနေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ်မှာ နေထိုင်နေတဲ့ မွတ်ဆလင် အသိုင်းအဝိုင်းကို မြန်မာနိုင်ငံသားတွေ အဖြစ် အသိအမှတ်ပြု လက်ခံဖို့ မြန်မာအစိုးရကို တိုက်တွန်းပြောကြားလိုက်ပါတယ်။

မစ္စတာ Filippo Grandi ဟာ သူ့ရဲ့ ခရီးစဉ် အတွင်း အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သလို ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို ကိုယ်တိုင် သွားရောက် ကြည့်ရှုခဲ့ပါတယ်။

စစ်တွေမြို့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းက သူတွေ ကိုယ့်အိမ် ကိုယ်ပြန်လိုတဲ့ ပြင်းပြတဲ့ ဆန္ဒတွေ၊ မောင်တော မြောက်ပိုင်းက ရိုဟင်ဂျာ အသိုင်းအဝိုင်းထဲ ဖြစ်ပေါ်နေတဲ့ လုံခြုံရေးဆိုင်ရာ စိုးရွံ့မှုတွေကို သူကိုယ်တိုင် ကြားခဲ့ရတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲက အခြေအနေဟာ အင်မတန် ခက်ခဲလှတယ်လို့ ဆိုပေမယ့် ကိုင်တွယ် ထိန်းသိမ်းလို့ မရနိုင်ဘူး ဆိုတာမျိုးတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

နိုင်ငံသား စိစစ် လက်ခံတယ် ဆိုတဲ့ နေရာမှာ အဲဒီ ကိစ္စ သက်သက်ချည်း တစ်ခုတည်း သီးသန့် ဆောင်ရွက်လို့ မရနိုင်ဘူးလို့လည်း မစ္စတာ Filippo Grandi က ထောက်ပြ ပါတယ်။

အဲဒီ အသိုင်းအဝိုင်းက သူတွေအနေနဲ့ သူတို့ ရှင်သန် နေထိုင်ရတဲ့ ဘဝအပေါ် စိတ်ချလက်ချ နဲ့ ယုံယုံကြည်ကြည် ပိုရှိလာစေဖို့ မြှင့်တင် ပေးရမှာ ဖြစ်သလို ကျန်းမာရေး စောင့်ရှောက်မှုလိုမျိုး အခြေခံ အခွင့်အရေးတွေကိုလည်း အာဏာပိုင်တွေဘက်က ဖြည့်ဆည်းပေးဖို့ လိုတယ်လို့ မစ္စတာFilippo Grandi က အကြံပြုပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် အပါအဝင် ထိပ်တန်း မြန်မာ အာဏာပိုင်တွေနဲ့ မစ္စတာ Filippo Grandi နေပြည်တော်မှာ တွေ့ဆုံခဲ့စဉ် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အရေး အကြံပေးကော်မရှင်ကနေ ထုတ်ပြန်လာမယ့် အစီရင်ခံစာ အပေါ် မြန်မာ အစိုးရ ဘက်က အလေးအနက်ထား အကောင်အထည် ဖော် ဆောင်ရွက်သွားမယ့်အကြောင်း သူ့ကို ပြောလိုက်တယ်လို့ မစ္စတာ Filippo Grandi က ပြောပြပါတယ်။

ကိုဖီအာနန် ကော်မရှင် အစီရင်ခံစာသာ ထွက်လာခဲ့ရင် အဲဒီ အစီရင်ခံစာဟာ မြန်မာ အာဏာပိုင်တွေအတွက် ရခိုင်အရေး ဖြေရှင်းရာမှာ သိပ်ကို အသုံးဝင်တဲ့ လမ်းပြ မြေပုံ သဖွယ် ဖြစ်လာလိမ့်မယ် လို့ ဆိုပါတယ်။

ထိုင်း- မြန်မာ နယ်စပ် တလျှောက် သိန်းချီ ရှိနေတဲ့ ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်လို့တော့ မြန်မာအာဏာပိုင်တွေက ထိုင်းရောက် မြန်မာ ဒုက္ခသည်တွေ ပြန်လာရင် ကြိုဆိုတယ် လို့ ပြောပေမယ့် မြန်မာပြည် ပြန်ဖို့ ဆိုတာ ဒုက္ခသည် တွေရဲ့ ကိုယ်တိုင် ဆုံးဖြတ်ချက် ဖြစ်ဖို့ လိုတဲ့အပြင် ပြန်လာသူတွေရဲ့ ဘဝ အခြေချ တည်ဆောက် နိုင်ရေး အတွက်ပါ မြန်မာ အစိုးရမှာ တာဝန်ရှိတယ်လို့ မစ္စတာ Filippo Grandi က ပြောပါတယ်။

ဒုက္ခသည်တွေကို တရားမဝင် နေထိုင်သူတွေ အဖြစ် သက်ဆိုင်ရာ အစိုးရက ဖမ်းဆီးတာမျိုး မလုပ်ဖို့ ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂ ရုံးဘက်က ကြိုးစား ဆောင်ရွက် ပေး နေတယ်လို့လည်း သူက ပြောပါတယ်။

အနည်းဆုံး အသက်မပြည့်သေးသူတွေကို ဖမ်းဆီးတာမျိုး မလုပ်ဖို့ ထိုင်းဝန်ကြီးချုပ်က ကတိပေးထားတယ်လို့ မစ္စတာ Filippo Grandi က ပြောသွားပါတယ်။

မစ္စတာ Filippo Grandi ဟာ လာမယ့် သီတင်းပတ် ထဲမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ခရီးဆက်မှာ ဖြစ်ပြီး အဲဒီထဲက ဒုက္ခသည်တွေနဲ့ တွေ့ဆုံ သွားဖို့ စီစဉ် ထားပါတယ်။