KIAနဲ့ TNLAတပ်ဖွဲ့တွေ ဖောက်ခွဲမှုလုပ်နိုင်လို့ လားရှိုးမှာ မြန်မာ့တပ်မတော်အမည်ခံနဲ့ စာဝေ

  • 8 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Google
Image caption ပြီးခဲ့တဲ့ အပတ်ကအထိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ TNLAနဲ့ မြန်မာ့တပ်မတော်တို့ အကြား တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူတွေ လားရှိုးမြို့မှာ ခိုလှုံနေရဆဲ

ကချင် လွတ်လပ်ရေး တပ်မတော် KIAနဲ့ တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့ဝင်တွေဟာ လားရှိုးမြို့ပေါ်က လူစည်ကားရာနေရာတွေနဲ့ အစိုးရရုံးတွေကို ဗုံးခွဲဖို့ လေ့လာ ပြင်ဆင်နေတယ်ဆိုပြီး မသင်္ကာစရာ တွေ့ရင် အကြောင်းကြားဖို့ မြန်မာ့တပ်မတော်က တိုက်တွန်းထားတယ်ဆိုတဲ့ သတိပေးစာတွေ လားရှိုးမြို့တွင်း ဝေငှမှုတွေ ရှိခဲ့ပါတယ်။

အဲဒီ သတိပေးစာမှာ ပါဝင်တဲ့ ဆက်သွယ်ဖို့ ဖုန်းနံပါတ်အရ ဖော်ပြထားတဲ့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သန်းဆွေကတော့ သူတို့ ဒီကိစ္စအတွက် ဘာတွေ ဆောင်ရွက်နေတာတယ် ဆိုတာကို လုံခြုံရေးအရ ပြောခွင့်မရှိပဲ ပြည်သူပေးလာတဲ့ သတင်းအပေါ် မူတည်ပြီး ဆောင်ရွက်သွားမယ်လို့ ဘီဘီစီကို ပြောပါတယ်။

အခုလို မြန်မာ့ တပ်မတော်က ဖြန့်ဝေတယ်ဆိုတဲ့ သတိပေးစာထဲမှာ တပ်မတော်နဲ့ KIA၊ TNLAတို့ ပြည်ထောင်စု လမ်းမပေါ်မှာ တိုက်ပွဲဖြစ်တုန်းက ဘတ်စ်ကားတွေကို ဖျက်စီးထားတဲ့ ပုံတွေနဲ့ လူတွေ ဒဏ်ရာရတဲ့ ပုံတွေကိုလည်း ဖော်ပြထားပါတယ်။

အခုလို ဖောက်ခွဲမှုတွေ ဖြစ်နိုင်တယ်ဆိုတဲ့ သတိပေးစာနဲ့ ပတ်သက်ပြီး KIAရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကတော့ ဒါကို ငြင်းဆိုထားပြီး KIAကို သိက္ခာကျအောင် တပ်မတော်က လုပ်တာသာ ဖြစ်တယ်လို့ ပြန်လည် စွပ်စွဲထားပါတယ်။

လားရှိုးမြို့က ဒေသခံတွေကတော့ လောလောဆယ် မြို့တွင်း အခြေအနေ အေးချမ်းနေတယ်လို့ ပြောဆိုခဲ့ပြီး အထူးတလည် စိုးရိမ်မှု မရှိဘူးလို့ ဘီဘီစီကိုပြောပါတယ်။

အခုလို လားရှိုးမြို့ပေါ်မှာ အခြေအနေ တည်ငြိမ်တယ်ဆိုပေမယ့် ပြီးခဲ့တဲ့ အပတ်ကအထိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ TNLAနဲ့ မြန်မာ့တပ်မတော်တို့ အကြား တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူတွေ လားရှိုးမြို့မှာ ခိုလှုံနေရဆဲ ဖြစ်ပါတယ်။