အမှုဖွင့်ခံထားရတဲ့ YBS ယာဉ်မောင်း ဆေးရုံပေါ် သေဆုံး

  • 8 ဇူလိုင် 2017
Image caption YBS ဘတ်စ်ကားစနစ်မှာ သုံးဖို့ တရုတ်ပြည်က ရောက်လာတဲ့ ဘတ်စ်ကား ၁ဝ

ရန်ကုန်မြို့ အများပြည်သူ ပို့ဆောင် ဆက်သွယ်ရေး စနစ်ဖြစ်တဲ့ YBS လိုင်းထဲက ဘတ်စ်ကား ၂ စင်း ဇွန်လ ၇ ရက်နေ့က တိုက်မိခဲ့ကြတဲ့ ဖြစ်ရပ်မှာ အခုဆို အတည် ပြုထား နိုင်သမျှ သေဆုံးသူ ၁ဝ ဦးထိ ရှိ သွားပြီ ဖြစ်ပါတယ်။

အခင်းဖြစ်ပြီး တစ်ရက် အကြာ ဇွန်လ ၈ ရက် နေလယ်ပိုင်း ၁ဝ ဦးမြောက် သေဆုံး သွားသူဟာ ယာဉ်မဆင်မခြင် မောင်းနှင်မှုနဲ့ ရဲစခန်းမှာ အမှုဖွင့်ခံထားရတဲ့ ယာဉ်မောင်း ဖြစ်ပါတယ်။

သူဟာ မြောက်ဥက္ကာလပ ဆေးရုံ ပေါ်မှာ ကွယ်လွန် သွားတာပါ။

ဆေးရုံတင် ကုသထားရသူ ၃၂ ယောက် ရှိနေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

၁ဝ ဦး မြောက် သေဆုံး သွားသူ ဟာ (၅၅) လိုင်း ရဲ့ ယာဉ်မောင်း ဖြစ်ပြီး၊ သူ မောင်းနှင်တဲ့ကား ယာဉ်ကြောမှား ဝင်လို့ တစ်ဘက်က လာတဲ့ ၃၇ လိုင်း ယာဉ်ကို မျက်နှာချင်းဆိုင် ဝင်တိုက် ခဲ့ရတာ ဆိုတဲ့ ကောက်ချက် နဲ့ လူသေစေမှု အပါအဝင် ပုဒ်မ ၄ ခုနဲ့ ထောက်ကြံ့ ရဲစခန်းမှာ အမှု ဖွင့်ခံထားရသူ ဖြစ်ပါတယ်။

အဲဒီ ယာဉ်တိုက်မှု ဖြစ်ရပ် အတွင်း မှော်ဘီ နည်းပညာတက္ကသိုလ်က ကျောင်းသူ တစ်ဦး သေဆုံးခဲ့ပြီး ကျောင်းသား ၂ ဦး လည်း ထိခိုက် ဒဏ်ရာ ရခဲ့ပါတယ်။

အခုနှစ် အစောပိုင်းမှာ ရန်ကုန်တိုင်း အစိုးရက အရင် မထသ စနစ်ကို ဖျက်သိမ်းပြီး YBS စနစ်ကို ပြောင်းလဲ ခဲ့ပြီးတဲ့နောက် ပထမဆုံး အကြိမ် အခုလို လူအများအပြား သေဆုံး ဒဏ်ရာရခဲ့တဲ့ ယာဉ်တိုက်မှုမျိုး ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။

လုံလောက်အောင် အချိန်ယူ မပြင်ဆင်ပဲ YBS စနစ်ကို အစောတလျင် ကူးပြောင်း ခဲ့တယ် ဆိုတဲ့ ဝေဖန်သံတွေ ရှိနေချိန်မှာ အခုလို ယာဉ်တိုက်မှု ဖြစ်လာတဲ့ အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အပေါ် ဖိအားတွေ ပိုမို ရှိလာ စေပါတယ်။

အခု ဖြစ်ရပ်နောက်ပိုင်း YBS နဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ဘယ်လို ဆောင်ရွက်မှုတွေ ပြုလုပ်မလဲ ဆိုတာ သိရဖို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)ကို ဘီဘီစီက ဆက်သွယ် မေးမြန်း ခဲ့ပေမယ့် ဖြေကြားတာ မရှိပါဘူး။

YBS ယာဉ်လိုင်းတွေ အကောင်အထည်ဖော် လာခဲ့ပြီး ကတည်းက စလို့ ဘတ်စ်ကားတွေ မောင်းနှင် ပြေးဆွဲရာမှာ စည်းကမ်းလိုက်နာမှု ရှိဖို့ တင်းတင်းကျပ်ကျပ် ဆောင်ရွက်မယ် ဆိုပြီး YRTA အဖွဲ့က ပြောထားပါတယ်။

လက်တွေ့မှာတော့ ယာဉ်စည်းကမ်း လမ်းစည်း မလိုက်နာတာတွေ၊ ခရီးသည်တွေ အပေါ် ယာဉ်မောင်း ယာဉ်နောက်လိုက် တွေက မချေမငံ ပြောဆို ဆက်ဆံတာမျိုးတွေ ကြုံနေရဆဲပဲ ဆိုတဲ့ ဝေဖန် မှတ်ချက်ပြုသံတွေ ထွက်ပေါ် နေဆဲပဲလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။