YBS ၅၅ ယာဉ်လိုင်းကို ပိတ်သိမ်း အရေးယူမယ်

  • 8 ဇူလိုင် 2017
Image caption အခု အစိုးရသစ်လက်ထက်မှာ YBS ယာဉ်လိုင်းတွေ စတင် အကောင်အထည်ဖော် ပြေးဆွဲခဲ့

ဇူလိုင်လ ၇ ရက်နေ့ က ထောက်ကြံ့မှာ ယာဉ်တိုက်မှု ဖြစ်ခဲ့တဲ့ YBS ၅၅ ယာဉ်လိုင်းကို ဒီကနေ့က စလို့ လုံးဝ ပိတ်သိမ်းမယ်လို့ ရန်ကုန်တိုင်း ဒေသကြီး သယ်ယူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့(YRTA) က သတင်း ထုတ်ပြန်လိုက်ပါတယ်။

ဘတ်စ်ကားလိုင်းတွေကို ကိုယ်ရ ကိုယ်ယူ ပုတ်ပြတ်စနစ်နဲ့ ခရီးသည် အပြိုင်အဆိုင် လုတင်တာမျိုးတွေကို ခွင့်ပြုမှာ မဟုတ်တော့ပဲ အများပိုင်ကုမ္ပဏီ စနစ်နဲ့ပဲ ပြေးဆွဲဖို့ ဆောင်ရွက်သွားမယ်လို့ YRTA အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောပါတယ်။

အခု ယာဉ်တိုက်မှု ဖြစ်ခဲ့တဲ့ YBS ၅၅ယာဉ်ဟာ ၁၉၉၈ခုနှစ် မော်ဒယ် ယာဉ်ဟောင်းတစီး ဖြစ်ပြီး အခုအခါ ကြံ့ခိုင်မှု အားနည်းတဲ့ ယာဉ်ဟောင်းတွေ နေရာမှာ ယာဉ်သစ်တွေနဲ့ အစားထိုး လဲလှယ်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့လည်း သူကပြောပါတယ်။

လာမယ့် ဇူလိုင်လ ၁၃ရက်နေ့ကစလို့ ယာဉ်မောင်း အထူးသင်တန်း ဖွင့်မှာ ဖြစ်ပြီး အဲဒီ သင်တန်းအောင်ရင်တော့ လိုင်းပိတ်သိမ်း ခံရတဲ့ YBS ၅၅ ယာဉ်လိုင်းက ယာဉ်မောင်းတွေ တခြား ယာဉ်လိုင်းတွေမှာ ဝင်မောင်းခွင့်ရမယ်လို့ ဆိုပါတယ်။

အဲဒီယာဉ်တိုက်မှုကြောင့် သေဆုံးသူ အရေအတွက်ဟာ အခုအခါ စုစုပေါင်း ၁၀ဦး ရှိသွားပြီ ဖြစ်ပါတယ်။